
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၆ ရက်
လူကုန်ကူးခံရသော အလုပ်သမားများကို ညှဉ်းပန်းနှိပ်စက်ပြီး အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်း တွင် ပါဝင်စေသော စတာလင်ပေါင် ဘီလီယံပေါင်းများစွာတန်ဖိုးရှိ ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်တစ်ခု ကို ယူကေနှင့် အမေရိကန်အစိုးရတို့က ယမန်နေ့ အောက်တိုဘာ ၁၅ ရက်တွင် ပူးတွဲပိတ်ဆို့ အရေး ယူလိုက်ကြောင်း ထုတ်ပြန်ကြေညာသည်။
အဆိုပါ အရေးယူပိတ်ဆို့မှုများကြောင့် ယင်းကွန်ရက်၏ လုပ်ငန်းများကို ဖော်ထုတ်တားဆီး နိုင်မည် ဖြစ်ပြီး ယူကေအပါအဝင် အရှေ့တောင်အာရှဒေသတွင်းမှ နိုင်ငံသားများကို ငွေကြေးဆုံးရှုံးမှု အန္တရာယ်များမှ ကာကွယ်ပေးနိုင်ရန် ရည်ရွယ်သည်ဟု ဆိုထားသည်။
အရှေ့တောင်အာရှအခြေစိုက် ငွေကြေးလိမ်လည်မှုလုပ်ငန်းများသည် ကမ္ဘာတစ်ဝှမ်းမှ ပစ်မှတ်ထားခံရ သူများကို နည်းစနစ်တကျ လိမ်ညာလှည့်ဖြားလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်အရသိရသည်။
“ငွေလိမ်လည်မှုလုပ်ငန်းတွေဟာ နိုင်ငံနယ်နိမိတ်များကိုလျစ်လျူရှုပြီး လည်ပတ်နေကြတာဖြစ်ပါတယ်။ ဒါဟာ လူ့အခွင့်အရေး၊ စီးပွားရေးတိုးတက်မှုနဲ့ အမျိုးသားရေးလုံခြုံမှုကို တန်းတူခြိမ်းခြောက်နေတဲ့ တရားမဝင်ငွေစီးဆင်းနေမှုတွေ ဖြစ်တာကြောင့် စုပေါင်းညှိနှိုင်းလုပ်ဆောင်မှုများနဲ့အတူ ဟန့်တားရမဲ့ နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှု တစ်ခုဖြစ်ပါတယ် ” ဟု ယူကေ နိုင်ငံခြားရေးဝန်ကြီး Stephen Doughty က ပြောကြားထားသည်။
အဆိုပါ ငွေကြေးလိမ်လည်မှုကွန်ရက်ကြောင့် ကြီးထွားလာသော နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှုများကို တိုက်ဖျက်ရန်နှင့် လူ့အခွင့်အရေးများကို ကာကွယ်ရန်အတွက် ယူကေက အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်းကာ ယခုကဲ့သို့ အရေးယူပိတ်ဆို့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း အရှေ့အာရှနှင့် အရှေ့တောင်အာရှဒေသတစ်ခုတည်းမှာပင် ဆိုက်ဘာ ဆိုင်ရာလိမ်လည်မှုများကြောင့် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃၇ ဘီလျံ ဆုံးရှုံးခဲ့ရပြီး၊ ဒေသတွင်းမှ အစပြုသောလိမ်လည်မှုများသည် ကမ္ဘာတစ်ဝန်း ပိုမိုကြီးမားသော ဆုံးရှုံးမှုများစွာကို ဖြစ်ပေါ်စေကြောင်း ယူကေနှင့် အမေရိကန်အစိုးရ ၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ ကိုးကန့်သတင်းလွှာ
ပုံစာ- ကျာဖြန့်စစ်ဆင်ရေးတွင် ကိုးကန့်ဒေသမှ တရုတ်နိုင်ငံသား ၃၃၇ ဦးအား ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က တရုတ်ဘက်သို့ လွှဲပြောင်းပေးခဲ့စဉ်။