ဧရာဝတီတိုင်းမ်
(မိတ္ထီလာ)၊ အောက်တိုဘာ ၁၆ ရက်

 

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာမြို့ ဘဲကန်ဈေးအနီးတွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်နေ့တွင် စစ်ကော် မရှင်က စစ်မှုထမ်းတပ်သားသစ်များစုဆောင်းရန်အတွက် လူငယ်အယောက် ၂၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။

 

စစ်ကော်မရှင်သည် စစ်မှုထမ်းအပါတ်စဉ်(၁၈) သင်တန်းအတွက် ရည်ရွယ်ကာ နယ်မြေခံစစ်ကောင်စီ တပ်ဖွဲ့များက ဈေးအနီးဖြတ်သွားသည့်လူငယ်များကို ဖမ်းဆီးနေခြင်းဖြစ်ကာ လူငယ်အယောက် ၂၀ ကျော်ဖမ်းဆီးခြင်းခံခဲ့ရကာ လက်ရှိတွင်ခလရ-၁၁၃ တပ်ရင်းအတွင်း ဖမ်းဆီးထားကြောင်း တပ်တွင်း သတင်းအရင်းအမြစ်ထံက သိရသည်။

 

အလားတူ ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့ကလည်း မိတ္ထီလာမြို့နယ်အတွင်းက လူငယ် ခုနစ် ဦး ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

“ဒီလိုလူစည်ကား‌တဲ့နေရာတွေမှာ စစ်တပ်က လူဖမ်းတာမျိုးက တပ်အပ်ပြောမရဘူး၊ နယ်မြေခံ တပ်နယ်ရဲ့လိုအပ်ချက်အရ လုပ်ကြတာ။ လူလိုလာပြီ ဖိအားပေးခံရပြီဆိုရင် ရတဲ့နည်းနဲ့ တွေ့တဲ့သူကို ဆွဲတာမျိုး” ဟု CDM တပ်မတော်သားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

စစ်ကော်မရှင်၏ နောက်ပိုင်း စစ်မှုထမ်းသင်တန်းအပတ်စဉ်များတွင် သတ်မှတ်လူဦးရေပြည့်မှီအောင် ရရှိခြင်းမရှိသည့်အတွက် လူငယ်များကို ရသည့်နည်းဖြင့်ဖမ်းဆီးကာ စစ်သင်တန်းပို့ဆောင်နေခြင်း လည်းဖြစ်သည်။

 

ထို့ပြင် စစ်ကော်မရှင်တပ်ဖွဲ့များအနေဖြင့် ၎င်းတို့လိုအပ်လာပါကလည်း ကားဂိတ်၊ ရထားဘူတာ များတွင် ကား၊ရထားတို့မှ လိုက်ပါလာသည့်လူငယ်စာရင်းကိုကြည့်၍ စောင့်ဆိုင်းဖမ်းဆီးမှုများ ပြုလူပ်နေကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့အစည်းထံက သိရသည်။

 

မုံရွာမြို့နယ်တွင်လည်း စစ်ကော်မရှင်က အောက်တိုဘာ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့ဆက်တိုက် ဘုရားပွဲလာရောက်လည်ပတ်သည့် လူငယ်အယောက် ၄၀ ဝန်းကျင်ကို ပေါ်တာဆွဲဖမ်းဆီးထားကြောင်း ဒေသခံများထံက သိရသည်။

 

လက်ရှိတွင် စစ်ကော်မရှင်က ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၇) ကိုဖွင့်လှစ်သင်တန်း ပေးနေပြီး အစောပိုင်း စစ်မှုထမ်းသင်တန်းဆင်းတပ်သားသစ်များကိုလည်း ရှေ့တန်းစစ်မြေပြင်များသို့ ဆက်တိုက်ပို့ဆောင်နေကာ အများစုမှာ တိုက်ပွဲများအတွင်း သေဆုံးခြင်းများဖြစ်ပွားနေကြောင်း သိရသည်။

 

ဓာတ်ပုံ – အင်တာနက်