
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၅ ရက်
မြစ်ဝကျွန်းပေါ်အမျိုးသားများတပ်ဖွဲ့၏ အမှတ်စဉ်(၂) စစ်သင်တန်းဆင်းပွဲကို ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်နေ့က မကွေးတိုင်းအတွင်းရှိ လွတ်မြောက်နယ်မြေ တစ်နေရာတွင် ကျင်းပခဲ့ရာ သင်တန်းသား ၈၀ ဦး အောင်မြင်စွာ စစ်သင်တန်းဆင်းခဲ့ကြောင်း သိရသည်။
မြစ်ဝကျွန်းပေါ်အမျိုးသားများတပ်ဖွဲ့၏ သင်တန်းမှူးများသည် အာရက္ခတပ်တော် (AA)၊ ကချင် လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ထံမှ စစ်ရေးအတွေ့ အကြုံများ ရယူခဲ့ပြီး ပြန်လာသည့် ဧရာဝတီတိုင်းသားတပ်မှူးများ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ရဲဘော်စိုင်းဝေလင်း၏ ပြောကြားချက်အရ “ကျွန်တော်တို့တပ်ဖွဲ့ဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို အစွဲပြုပြီး အမည်ခေါ်ဝေါ်ထားတာဖြစ်ပေမယ့် တော်လှန်ရေးအတွက် လိုအပ်တဲ့ မည်သည့်နေရာ ဒေသမှာမဆို ပြည်သူအတွက် တိုက်ပွဲဝင်ဖို့ အသင့်ရှိပါတယ်” ဟု မြစ်ဝကျွန်းပေါ်အမျိုးသားများတပ်ဖွဲ့ တပ်ရင်းတာဝန်ခံ ရဲဘော်စိုင်းဝေလင်းက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိအခြေအနေတွင် လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသော တပ်ဖွဲ့ ဖြစ်စေရန် အကောင်းဆုံး စုဖွဲ့ပြင်ဆင်တည်ဆောက်နေပြီး တပ်ခွဲအချို့မှာ မဟာမိတ်နယ်မြေခံတပ်ရင်းများနှင့် တိုင်းရင်းသား မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ တိုက်ပွဲဝင်နေကြောင်း ရဲဘော်စိုင်းဝေလင်းထံက သိရသည်။
တပ်ဖွဲ့သည် ပြည်သူလူထု သိရှိမှု နည်းပါး၍ အထောက်အပံ့များ အားနည်းသော်လည်း မဟာမိတ် တိုင်းရင်းသားတပ်ဖွဲ့များနှင့် မဟာမိတ်တပ်ရင်းများ၏ ကူညီမှု၊ တပ်ဖွဲ့ဝင်ရဲဘော်များ၏ စွမ်းစွမ်းတမံ ကြိုးစားမှုကြောင့် ယခုကဲ့သို့ ရပ်တည်လာနိုင်ခြင်းဖြစ်ကြောင်း မြစ်ဝကျွန်းပေါ်အမျိုးသားများတပ်ဖွဲ့ တပ်ရင်းတာဝန်ခံ ကဆိုသည်။
“ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်ဆိုတဲ့အတိုင်း ကျွန်တော်တို့ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေ၊ မွေးရာပါအခွင့်အရေးတွေ၊ တန်းတူညီမျှအခွင့်အရေးတွေကို တိုက်ယူမှ ရပါမယ်။ ကျွန်တော်တို့ တပ်ဖွဲ့ဟာ အကောင်းဆုံး စုဖွဲ့ပြင်ဆင်ပြီး ပြည်သူလူထုရှေ့က မားမားမတ်မတ် ရပ်တည်မယ့် တပ်ဖွဲ့ ဖြစ်ပါတယ်” ဟု ရဲဘော်စိုင်းဝေလင်းက ဆက်လက်ပြောကြားခဲ့သည်။
မြစ်ဝကျွန်းပေါ်အမျိုးသားများတပ်ဖွဲ့ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ အမှတ်စဉ် (၃) အတွက် ရဲဘော်သစ်များကို ဆက်လက်ခေါ်ယူသွားမည် ဖြစ်ကာ တပ်ဖွဲ့ဝင်အင်အား တိုးလာသည်နှင့်အမျှ လိုအပ်ချက်များစွာ ပိုမိုရှိလာကြောင်း သိရသည်။
ဓာတ်ပုံ-မြစ်ဝကျွန်းပေါ်အမျိုးသားများတပ်ဖွဲ့