ဧရာဝတီတိုင်း
(ဖလမ်း)၊ အောက်တိုဘာ ၁၅ ရက်

 

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် တိုက်ပွဲများအတွင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေး သွားသော စစ်သုံ့ပန်း ၂၁ ဦးကို အိန္ဒိယ အာသံရိုင်ဖယ်တပ်ဖွဲ့ မှ ဖမ်းဆီးထိန်းချုပ်ထားပြီး စစ်ကော်မရှင်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

စစ်ကော်မရှင်တပ်ဖွဲ့ဝင် စစ်သုံ့ပန်းများသည် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ဌာနချုပ် ကို ချင်းကာကွယ်ရေးတပ် (CDF-Hualngoram) နှင့် ပူးပေါင်းတပ်ဖွဲ့များမှ ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်စဉ် ထွက်ပြေးလွတ်မြောက်သွားခြင်း ဖြစ်သည်။

 

ထိုသို့ ထွက်ပြေးလွတ်မြောက်သွားသည့် စစ်သုံ့ပန်းများသည် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင် (CB) မှ ဖမ်းဆီးရမိသည့် စစ်ကော်မရှင်အဖွဲ့ဝင်များဖြစ်ပြီး CNDF ဌာနချုပ်တွင် ထိန်းသိမ်း ခံထားရသူများဖြစ်ကြောင်းသိရသည်။

“အဲ့ဒီတုန်းက CNA နဲ့ CDF-Hualngoram ထိန်းချုပ်ထားတဲ့ ရိဒ်ခေါဒါရ်မြို့ကို CNDF က အင်အား အလုံးရင်းနဲ့ ဝင်တိုက်ပြီး သိမ်းပိုက်ထားတယ်။ CDF-Hualngoram ဘက်က ပူးပေါင်းတပ်တွေကလည်း ဖလမ်းမြို့နယ်မှာရှိတဲ့ CNDF ဌာနချုပ်ကို ဝင်သိမ်းတယ်။ အဲအချိန်မှာ စစ်သုံ့ပန်းတွေက ထွက်ပြေး လွတ်မြောက်သွားတာ ဖြစ်ပါတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

 

အိန္ဒိယဘက်သို့ ထွက်ပြေးလွတ်မြောက်သွားသော စစ်ကော်မရှင်တပ်ဖွဲ့ဝင် စစ်သုံ့ပန်းများသည် စစ်ကော်မရှင်နှင့် အဆက်အသွယ် ပြန်ရခဲ့ပြီး အိန္ဒိယနိုင်ငံ၊ မြန်မာသံရုံးမှတစ်ဆင့် အိန္ဒိယဗဟိုအစိုးရ၏ အစီအစဉ်ဖြင့် ပြန်လည်လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စစ်သုံ့ပန်းများကို ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ကျန်ဖိုင်ခရိုင် ၊ Saikhumphai ကျေးရွာဘက်မှ ရဟတ်ယာဉ်ဖြင့် မိုးရေမြို့သို့ ပို့ဆောင်ပြီးနောက် မိုးရေမြို့မှတစ်ဆင့် တမူးမြို့နယ် နယ်စပ်ဂိတ်မှ စစ်ကော်မရှင်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 

“ကျန်ဖိုင်မြို့ကနေ မိုးရေမြို့ကို ရဟတ်ယာဥ်ပို့တယ်။ မိုးရေမြို့ကနေ တမူးမြို့နယ် နယ်စပ်ဂိတ်ကနေ စစ်ကော်မရှင်ထံ ပြန်လွှဲပေးဖို့ဖြစ်မယ်။ နယ်စပ်ဂိတ်က အဲဒါတစ်ခုပဲရှိတယ်။ အရင်ကလည်း အဲ့ဒီဂိတ် ကနေပဲ လွှဲပြောင်းပေးတာတွေ လုပ်တယ်”ဟု ကျန်ဖိုင်ခရိုင်တွင်ရောက်ရှိနေသည့် မြန်မာတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အိန္ဒိယ အာသံရိုင်ဖယ်တပ်သည် ချင်းပြည်နယ်အတွင်းမှ စစ်ရှုံးထွက်ပြေးလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ ဝင်များကို လက်ခံကယ်ထုတ်ပေးခြင်း၊၊ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးခြင်း နှင့် ပြန်လည်လွှဲပြောင်း ပေးခြင်းများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာစစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေး အဖွဲ့ (MDSI) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ဓာတ်ပုံ-CB
ပုံစာ-ဖလမ်းမြို့သိမ်းတိုက်ပွဲတွင်း ဖမ်းဆီးရမိသည့်စစ်သုံ့ပန်းများကို တွေ့ရစဥ်။