ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၈ ရက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဟင်္သာကုန်းကျေးရွာ ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူ နှစ်ဦးသေဆုံးပြီး လေးဦးခန့်ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ နိုဝင်ဘာ ၇ ရက် ညနေ ၅ နာရီ ၂၀ မိနစ်ဝန်းကျင်က ဟင်္သာကုန်း ကျေးရွာကို အကြောင်းမဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“နှစ်ဦးသေတယ်။ နေရာတင်ပွဲချင်းပြီး၊ ထိခိုက်တဲ့အထဲ ၆၅ နှစ်အရွယ်အဘွားတစ်ဦးအပါ လေးဦး ထိတယ်”ဟု မတ္တရာမြို့ခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့ကလည်း မတ္တရာမြို့ နယ်ထဲရှိ ကိုးပင်ကျေးရွာကို စစ်ကောင်စီက လက်နက် ကြီးဖြင့် ပစ်ခတ်ခဲ့၍ အသက် (၇၀)အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ သိမ်း ယူထားသည့် မတ္တရာမြို့နယ် အတွင်းရှိ တပ်စခန်းများကို ပြန်လည်ရရှိရေးအတွက် လေကြောင်းတိုက်ခိုက်မှုများအပြင် လက်နက် ကြီးများ၊ မြေပြင်စစ်ကြောင်းများပါအသုံးပြုနေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

#မန္တလေးမတ္တရာ #စစ်ကောင်စီ #လက်နက်ကြီး #အကြောင်းမဲ့ပစ်ခတ် #ပြည်သူ၂ဦး #သေဆုံး #Ayeyarwaddy_Times