ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၈ရက်

အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ပိတ်ဆို့တိုက်ခိုက်ခံရ၍ စစ်စခန်းများ နေ့စဉ် ဆုံးရှုံးနေရချိန်တွင် နပခ၏ စစ်တိုင်းမှူးနှင့် ဒုတိုင်းမှူးတို့ စစ်ဌာနချုပ်ကို စွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးသည် တိုင်းစစ်ဌာနချုပ်ကို ထားခဲ့ကာ ကျောက်ဖြူမြို့သို့ ထွက်ပြေးသွားခဲ့ပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းသည်လည်း မကွေးသို့ ထွက်ပြေးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၀ရက်နေ့က ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် စစ်အရာရှိများ လိုက်ပါသည့် MI 17 ရဟတ်ယာဉ် ပစ်ခတ်ခံရသည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၄ရက်နေ့တွင် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် စစ်အရာရှိများသည် ဒဏ်ရာရ အရာရှိတချို့ ရဟတ်ယာဉ်ဖြင့် မကွေးတပ်မ ၈၈ အတွင်း ရောက်ရှိသွားကြောင်း သိရသည်။

“ဗိုလ်ချုပ် ကျော်စွာဦးက ရေနက်ဆိပ်ကမ်းနဲ့ ရေတပ်လုံခြုံရေး အကြောင်းပြပြီး ကျောက်ဖြူကို ထွက်သွားပြီ။ ဒုတိုင်းမှူးအဖွဲ့က ၃၀ရက်နေ့က ခွာဖို့ပြင်သေးတယ်။ မအောင်မြင်ဘဲ ၄ ရက်နေ့ကမှ ထွက်ပြေးသွားတယ်လို့ သိထားပါတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိ ယာယီစစ်တိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့် ဗိုလ်မှူးကြီး အောင်ရွှေတို့ အုပ်ချုပ်နေပြီး နိုဝင်ဘာ ၅ ရက်နေ့က အရိုးတောင်လက်နက်ကြီး စခန်းသိမ်းတိုက်ပွဲတွင် ယာယီ စစ်တိုင်းမှူး၏ အလောင်းကို တွေ့ရှိရသည်ဟု ဒေသတွင်း သတင်းများအရ သိရသည်။

အမ်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံစခန်းများနှင့် ကာကင်းဗျူဟာကုန်းများမှာ နေ့စဉ်နီးပါး AA ကသိမ်းယူနေပြီး တိုင်းစစ်ဌာနချုပ်ကာကင်းနားအထိထိုးဖောက်ခံနေရသည့် အခြေအနေ ဖြစ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၈ရက်နေ့နှင့် နိုဝင်ဘာ ၃ရက်နေ့တို့တွင် စစ်ဌာနချုပ်အတွင်းသို့ စစ်ကောင်စီက စစ်ကူအင်အား ၆၀၀ ခန့်ကို ပို့ဆောင်ခဲ့ပြီး စစ်လက်နက်နှင့် ရိက္ခာများကိုလည်း လေကြောင်းမှ ပို့ဆောင်ခဲ့ရသည်။

စစ်ကောင်စီသည် အမ်းလေဆိပ်ကို အောက်တိုဘာ ၂၀ရက်နေ့မှစ၍ အသုံးမပြုနိုင်တော့ဘဲ လက်လွှတ်ခဲ့ရပြီးနောက် ဌာန ချုပ်အတွင်းကိုသာ လေထီးဖြင့် လူအင်အားနှင့် ရိက္ခာ ၊ လက်နက်ပို့ ခြင်းများ ပြုလုပ်နေရခြင်းဖြစ်သည်။

အမ်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ လတ်တလောအခြေအနေသည် ဦးစီးသူများ ထွက်ပြေး၊ သေဆုံးအခြေအနေများ ဖြစ်ပေါ်နေပြီး နေ့စဉ်စခန်း နှစ်ခုထက်မနည်း ကျရှုံးရသည့်အခြေအနေ ဖြစ်ကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

#အမ်း #တိုင်းမှူး #ဒုတိုင်းမှူး #နပခ #ထွက်ပြေး #Ayeyarwaddy_Times