ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၈ ရက်
တရုတ်နိုင်ငံ၌ ကျင်းပသည့် ဒေသတွင်း ထိပ်သီး အစည်းအဝေးပွဲ ပြင်ပတွင် ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ထရာ (Paetongtarn Shinawatra) နှင့် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ယမန်နေ့ နိုဝင်ဘာ ၇ ရက်နေ့က တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၏ မြို့တော်ကူမင်းတွင်ကျင်းပသည့် မဟာမဲခေါင်ဒေသခွဲ ထိပ်သီး အစည်းအဝေး နှင့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (Acmecs) တို့ကို စစ်ခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ်တို့ တက်ရောက်ခဲ့ကြခြင်းဖြစ်ပြီး အဆိုပါ ခရီးစဉ် သည် အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ရှားပါးသည့် နိုင်ငံရပ်ခြားခရီးစဉ် ဖြစ်သည်။
“ကျွန်မတို့ သီးသန့်စကားပြောဆိုခဲ့ပြီး ဘာမှထူးခြားတာတော့ မရှိပါဘူး” ဟု မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ခြင်းအပေါ် ထိုင်းသတင်းထောက်များနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထိုင်းဝန်ကြီးချုပ် Ms Paetongtarn က ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံမေးမြန်းမှုတွင်ပင် ထိုင်းဝန်ကြီးချုပ်က မြန်မာနိုင်ငံ ပဋိပက္ခသည် ပြည်တွင်း၌ ဖြေရှင်းရမည့် ပြည်တွင်းရေးဖြစ်ကြောင်း ထိုင်းမီဒီယာများကို ပြောဆိုခဲ့သည်။
ထိုင်းဝန်ကြီးချုပ် Ms Paetongtarn သည် ပြီးခဲ့သည့် လအတွင်းက လာအိုနိုင်ငံ၌ ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရန် ပြောကြားခဲ့ပြီး “စစ်ရေးအရ အဖြေမရှိနိုင်” ကြောင်းနှင့် “ဆွေးနွေးရန်အချိန်တန်ပြီ” ဟုလည်း ပြောဆိုခဲ့ ကြောင်း သိရသည်။
ထို့ပြင် လာမည့်နှစ်တွင် ပြုလုပ်မည့် အာဏာသိမ် စစ်အစိုးရ၏ ရွေးကောက်ပွဲအတွက်လည်း ထိုင်းနိုင်ငံ၏ ထောက်ခံမှုကို အရိပ်အမြွက် ပြောကြားခဲ့သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် တရုတ်ဝန်ကြီးချုပ် လီချန်းနှင့် တွေ့ဆုံခဲ့ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိမ်နီးချင်း တရုတ်နိုင်ငံသို့ ခရီးစဉ်မှာ ၂၀၂၁ ခုနှစ် အာဏာ သိမ်းပြီးနောက် ပထမဆုံးသွားရောက်သည့် တရုတ်ခရီးစဉ်တစ်ခုလည်း ဖြစ်သည်။
မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် တော်လှန်မှုများ နှင့် ရင်ဆိုင်နေရပြီး အကြမ်းဖက်မှုများကို ရပ်တန့်ရန်၊ အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးရန် စသည့် ရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများ၏ တောင်းဆိုမှုများကိုလည်း လျစ်လျူရှုထားသည်။
ထိုင်း-မြန်မာ နှစ်နိုင်ငံသည်ကီလိုမီတာ ၂၀၀၀ နယ်နိမိတ်ချင်း ထိစပ်နေ၍ မြန်မာနိုင်ငံတွင် ဖြစ်ပွား နေသည့်တိုက်ပွဲများကြောင့်လည်း ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးကို အဟန့်အတားဖြစ်စေခဲ့ပြီး ထောင်ပေါင်းများစွာသော မြန်မာဒုက္ခသည်များမှာ ထိုင်းနိုင်ငံတွင် ဆယ်စုနှစ်များစွာ နေလာခဲ့ရကာ တက်ခ်နှင့် မယ်ဟောင်ဆောင်ခရိုင်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြကြောင်း သိရသည်။
ကိုးကား – Bangkok Post
Ref; Thai PM meets Myanmar junta cheif
#ထိုင်းဝန်ကြီးချုပ် #စစ်ခေါင်းဆောင်မင်းအောင်လှိုင် #တရုတ်နိုင်ငံတွင်တွေ့ဆုံ #Ayeyarwaddy_Times