
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၈ရက်
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် အထိုင်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည် နိုဝင်ဘာ ၁ရက်နေ့မှစတင်ကာ အင်းတော်မြို့သိမ်းတိုက်ပွဲကို ပြန်လည် စတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နိုဝင်ဘာ ၈ရက်နေ့အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
“တိုက်ပွဲက ဆက်ဖြစ်နေတယ်။ စစ်တပ်ကို အဘက်ဘက်က ပိတ်ထားတယ်။ သူတို့က ဂျပန်တွေ ဆေးရုံအဖြစ်သုံးပြီး အခိုင်အမာဆောက်ထားတဲ့ လှိုဏ်ဂူကုန်းမှာ တပ်စွဲနေတာ။ လေကြောင်းပစ်ကူ ကလည်းနေ့တိုင်းလာပါတယ်” ဟု ထောက်ပို့တပ်သား အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီကလည်း တိုက်ပွဲဖြစ်ပွားရာသို့ လေကြောင်းမှနေ၍ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေပြီး တော်လှန်ရေးတပ်များကလည်း စစ်ကောင်စီ၏ မြေပြင် ထောက်ပို့လမ်းကြောင်းများကို ဖြတ်တောက် ကာ ထိုးစစ်ဆင်နေကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၇ရက်နေ့တွင် အင်းတော်ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်း ဂျပန်လှိုဏ်ဂူ ကုန်းနှင့် မြို့မဘုန်းကြီးကျောင်းအတွင်း တပ်စွဲနေရာယူထားသည့် စစ်ကောင်စီစခန်းတို့ကို ဝိုင်းပတ် ပိတ်ဆို့ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၆ရက်နေ့ကတည်းက မြို့မဘုန်းကြီးကျောင်းအတွင်း ဒေသခံ ၁၀၀၀ ခန့်မှာ ပိတ်မိနေခဲ့ပြီး စက်တင်ဘာ ၁၇ရက်နေ့တွင် ဒေသခံ ၃၀၀ကျော်နှင့် နိုဝင်ဘာ ၁ရက်နေ့တို့တွင် ဒေသခံအချို့ ပိတ်မိနေသည့်နေရာမှ ထွက်ပြေးလွတ်မြောက်လာကြောင်း သိရသည်။
ပိတ်မိနေသည့် ဒေသခံများကို စစ်ကောင်စီက ခြိမ်းခြောက်ထားပြီး ထွက်ပြေးပါက တော်လှန်ရေး တပ်ဖွဲ့များမှနေ၍ ဖမ်းဆီးသတ်ဖြတ်လိမ့်မည်ဟု ပြောဆိုထားကြောင်း ထွက်ပြေးလွတ်မြောက်လာသူ များထံက သိရသည်။
“အမျိုးသမီးတွေကို တစ်နေ့ တစ်ယောက်ခေါ်ပြီး အုပ်စုဖွဲ့ အဓမ္မပြုကျင့်တယ်။ ထွက်ပြေးရင် ဒီထက် ဆိုးမယ်ဆိုပြီးလည်းပြောတယ်တဲ့။ PDFတွေက မုဒိမ်းကျင့်ပြီး သတ်ပစ်မှာ ထွက်ပြေးဖို့မကြိုးစားနဲ့ဆိုပြီး ပြောတာတွေရှိပါတယ်တဲ့။ အခုအခြေအနေက စစ်သားတွေက ပိတ်မိနေတော့ ဒေသခံတွေကို လူသားဒိုင်းလုပ်ထားတဲ့ အနေအထားပါ” ဟု မြို့မဘုန်းကြီးကျောင်းမှ လွတ်မြောက်လာသူများနှင့် နီးစပ် သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ပိတ်မိနေသည့် အမျိုးသမီးများကိုလည်း စစ်ကောင်စီက တစ်နေ့ တစ်ယောက်ကျ ခေါ်ယူ၍ အဓမ္မပြုကျင့်မှုများပြုလုပ်ပြီး အိမ်ထောင်ရှိသူများကိုလည်း ခင်ပွန်းရှေ့တွင်ပင် ခေါ်ထုတ်ကာ ကျေနပ် လားဟု ရိုင်းစိုင်း ယုတ်ညံ့စွာပြောဆို ပြုမူဆက်ဆံနေကြောင်း သိရသည်။
ပုံစာ-၂၀၂၄ ဩဂုတ်လအတွင်းက ဖြစ်ပွားခဲ့သည့် အင်းတော်မြို့ သိမ်းတိုက်ပွဲမြင်ကွင်း
#အင်းတော် #စစ်ကောင်စီတပ်စခန်းများ #တော်လှန်ရေးတပ်ဖွဲ့ #ပိတ်ဆို့တိုက်ခိုက် #Ayeyarwaddy_Times