
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၈ရက်
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)၏ အမြောက်ကြီးတပ်နှင့် အရိုးတောင် လက်နက်ကြီး စခန်းကုန်းတို့ကို အာရက္ခတပ်တော် (AA) က ထပ်မံသိမ်းယူလိုက်ကြောင်း သိရသည်။
အတွဲလိုက်ပစ်ခတ်၍ရသည့် ဒုံးကျည်များတပ်ဆင်ထားသည့် စစ်ကောင်စီ၏ အမြောက်ကြီးတပ်နှင့် အရိုးတောင်လက်နက်ကြီးစခန်းတို့ကို ယမန်နေ့ နိုဝင်ဘာ ၇ရက်နေ့တွင် AA က တိုက်ခိုက် သိမ်းပိုက် လိုက်ကြောင်း သိရသည်။
အဆိုပါ တပ်စခန်းနှစ်ခုမှာ အနောက်တိုင်းစစ်ဌာနချုပ်၏ အဓိက ကာကင်းစခန်း တပ်ကြီးများဖြစ်ပြီး AA က နိုဝင်ဘာ ၅ ရက်နေ့တွင် စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“တိုက်ပွဲမှာ ယာယီတိုင်းမှူးရုပ်အလောင်းပါတွေ့ခဲ့ရတယ်ပြောတယ်။ စစ်တပ်ကသေတာ မနည်းဘူး။ နှစ်ရက်အတွင်း ရာချီသေတယ်။ အဓိကစခန်းကုန်းဖြစ်တာရော၊ လက်နက်ကြီးစခန်းဖြစ်တာမို့ အပြင်းအထန်တိုက်ရတယ်ပြောပါတယ်။ လက်နက်တွေလည်း တပ်တော်က မနည်းမနော ရသွားတယ်” ဟု အမ်းဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
AA သည် တိုက်ပွဲစတင်ပြင်းထန်ခဲ့သည့် အောက်တိုဘာ ၂၈ရက်နေ့မှစကာ နေ့စဉ်နီးပါး နပခ၏ ကာကင်းနှင့် လက်အောက်ခံ တပ်ရင်း တပ်စခန်းများကို သိမ်းယူလျက်ရှိသည်။
အမ်း နပခအနီးရှိ ကာကင်းများကို AAက ထိုးဖောက်တိုက်စစ်ဆင်၍ တပ်စခန်း ၁၄ခုထက်မနည်းကို သိမ်းပိုက်ထားပြီး ဗျူဟာကုန်းနှင့် ကမ်းဒိတ်တောင်ကဲ့သို့ စိုးမိုးကုန်းများကိုပါ တိုက်ခိုက် သိမ်းထားနိုင်ပြီဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီက မြေပြင်စစ်ကူလမ်းကြောင်းအဖြစ် အမ်း- ပဒါန်းလမ်းပိုင်းကို အသုံးပြု၍ မကွေးမှခြေမြန်တပ်မဌာနချုပ် တပ်မ ၈၈ ရှိတပ်သားများကိုစစ်ကူပို့နေကြောင်း သိရသည်။
အဆိုပါ အမ်း- ပဒါန်းလမ်းကြောင်းရှိ စစ်ကောင်စီ စစ်စခန်းအချို့နှင့် အမ်းသို့ စစ်ကူပိုသည့် စစ်ကြောင်းတို့ကို အရှိုချင်းကာကွယ်ရေးတပ် ACDF နှင့် မင်းဘူးခရိုင်တပ်ရင်း ၂တို့က စောင့်ကြည့် ကြားဖြတ်တိုက်ခိုက်မှုများပြုလုပ်လျက်ရှိရာ စစ်ကောင်စီတပ်ဖွဲ့များ သေဆုံးထိခိုက်မှုများကြောင်း သိရသည်။
#အမ်း #အမြောက်တပ် #အရိုးတောင်လက်နက်ကြီးစခန်း #AA #သိမ်းပိုက် #Ayeyarwaddy_Times