ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၈ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး လူနေအိမ်နှစ်လုံး မီးလောင်ပြာကျသွားကြောင်း ဒေသခံများထံက သိရှိရသည်။

ယနေ့ နိုဝင်ဘာ ၈ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်တွင် ဖလမ်းမြို့၊ တလန်လိုရပ်ကွက်တွင် စစ်ကောင်စီတပ်နှင့် CNDF တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ မြို့ထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

“CNDF ရှိတဲ့နေရာကို စစ်သားတွေက သွားရောက်ပြီးပစ်ခတ်တာဖြစ်မယ်။ တိုက်ပွဲဖြစ်တာက တော်တော်ဖြစ်တယ်။ လက်နက်ကြီးလည်း ပစ်ခတ်နေတယ်။ နေအိမ်နှစ်လုံးမီးလောင်တယ်။ ဘာအတွက်ကြောင့်မီးလောင်တယ်ဆိုတာမသိရသေးဘူး။ မီးငြိမ်းပေးမယ်လူမရှိတော့ မီးလောင်ပြာကျသွားတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယနေ့မနက်ဖြစ်ပွားသည့် တိုက်ပွဲအခြေနေနှင့်ပတ်သက်၍ အသေးအစိတ်သိရှိစေရန်အတွက် CNDF ပြန်ကြားရေးတာဝန်ရှိသူထံ ဧရာဝတီတိုင်းမ်းက ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသေးပါ။

စစ်ကောင်စီက ဖလမ်းမြို့တွင် တပ်အင်အား ၃၀ ခန့်ဖြင့် မြို့တွင်းနေရာအနှံတွင် တပ်ဖြန့်ထားကြောင်း သိရှိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်ကလည်း ဖလမ်းမြို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ကျောင်းဆရာမတစ်ဦး သေဆုံးပြီး အရပ်သား သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားပြီးနောက် ဖလမ်းမြို့ခံ ဒာားလုံးနီးပါးသည် စစ်ကိုင်း၊ ကလေးမြို့နှင့် ရန်ကုန်၊ မန္တလေးအပြင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

#ဖလမ်းမြို့ #တိုက်ပွဲ #အပြင်းအထန်ဖြစ်ပွါး #လူနေအိမ် #၂လုံးမီးလောင် #Ayeyarwaddy_Times