
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၈ရက်
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကိုင်းရှည်ကျေးရွာ၊ အာလိန်ငါးဆင့်ကျောင်းအနီး စစ်ကောင်စီတပ် နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦးခန့် သေဆုံးကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၇ရက် ည ၈နာရီအချိန်ခန့်မှစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ တစ်ညလုံး တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ယနေ့ နိုဝင်ဘာ ၈ရက်နေ့အထိ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြကြောင်း ဒေသခံများထံက သိရသည်။
“တစ်ညလုံးတိုက်ပွဲဖြစ်တာမှာ စစ်တပ်ဘက်က အလောင်း ၂၀လောက်ရှိမယ်။ တေဘာကားတွေနဲ့ စကခ-၅ဘက်သယ်သွားတယ်။ ဆာလာအိတ်တွေနဲ့ ထုတ်ပြီး သယ်တယ်။ တိုက်ပွဲက မြို့နဲ့ကပ်လာပြီ။ တစ်ဖာလုံလောက်ပဲကွာတော့တယ်” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲဖြစ်ပွားရာ ကိုင်းရှည်ရွာနှင့် ဒုံရွာကို စစ်ကောင်စီက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နေအိမ်အများစု ပျက်စီးသွားကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၃ရက်နေ့ ညပိုင်းကလည်း ကိုင်းရှည်တံတားအနီး တပ်စွဲထားသည့် စစ်ကောင်စီ တပ်ကို AAက ဒရုန်းဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
တောင်ကုတ်ရှိ စစ်ကောင်စီ၏ တောင်ကုတ်တက္ကသိုလ်အနီး ဦးထွန်းလှိုင် ရာဘာခြံမှ လက်နက်ကြီး အထိုင်တပ်၊ တက္ကသိုလ် စစ်ဆေးရဂိတ် ကာကင်းစခန်းနှင့် တက္ကသိုလ်ဝန်းအတွင်းရှိ စစ်တပ်စခန်း တို့အပြင် ပန်းမြောက်တောင် အမြောက်တပ်တို့ကို AAက သိမ်းယူထားနိုင်ခဲ့သည်။
စစ်ကောင်စီက ဇီးကိုင်းတောင်နှင့် သည်းခံတောင်တို့တွင် အထိုင်ချထားသည့် လက်နက်ကြီးများဖြင့် ပစ်ကူပေးနေပြီး AA က ဇီးကိုင်းတောင်အနီးထိ ထိုးစစ်ရောက်ရှိနေကြောင်း သိရသည်။
တိုက်ပွဲအတွင်း တောင်ကုတ်မြို့ဒေသခံ ခြောက်သောင်း(၆၀,၀၀၀) ခန့်ပိတ်မိနေပြီး စစ်ကောင်စီက မြို့မှထွက်ခွာခွင့်ကို ပိတ်ပင်တားမြစ်ထားကြောင်း သိရသည်။
#တောင်ကုတ် #စစ်ကောင်စီ #တပ်စခန်း #AA #သိမ်းပိုက် #Ayeyarwaddy_Times