ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၈ ရက်
နေပြည်တော်၊ စီးပွား/ကူးသန်းဝန်ကြီးဌာနတွင် ဝေမာဆန်စပါးကုမ္ပဏီ(WILMAR MYANMAR RICELAND LIMITED) ဝန်ထမ်းသုံးဦး အစည်းဝေးတက်ရောက်နေချိန် စပါးပေါက်ဈေးကျော်ဝယ်မှုနှင့် နယ်ကျော်စပါးသယ်သဖြင့် စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်းသိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ နောက်ဆုံးပတ်က ဝေမာကုမ္ပဏီမှ ကိုဇော်မင်းအပါသုံးဦးကို နေပြည်တော် စီးပွား/ကူးသန်းရုံးတွင် အစည်းဝေးတက်ရောက်ရန် ဖိတ်ကြားခဲ့ပြီး ယင်းနေ့မှာပင် နေပြည်တော် ( စစ်ကြောရေး) သို့ပို့ဆောင်စစ်ဆေးခံရကြောင်း ဝေမာကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ WILMAR MYANMAR RICELAND LIMITED မှ ခေတ္တဆန်စပါးဝယ်ယူရေး တာဝန်ခံ ကိုဇော်မင်းသည် အောက်တိုဘာ၃၁ရက်နေ့က ပဲခူးမြို့မရဲစခန်းတွင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ပုဒ်မ (၄) ဖြင့် အမှုဖွင့်အရေးယူခြင်း ခံထားရကြောင်းသိရသည်။
“ဝေမာအနေနဲ့ တိုင်းဒေသကြီး၊ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ဒေသဆိုင်ရာ ဆန်စပါးကုန်သည်ကြီး များအသင်းတွေဆီ နယ်ကျော်သယ်ခွင့်တင်ပြခဲ့တယ်။ ဒါပေမယ့် ထောက်ခံချက်မရရှိခဲ့ပါဘူး” ဟု ဝေမာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခုနှစ်မိုးစပါးပေါ်ချိန်တွင် ပဲခူးတိုင်းအတွင်းရှိစပါးကို ဒေသပေါက်ဈေးထက်ပိုပေးပြီး ရန်ကုန်တိုင်း အတွင်းသို့သယ်ယူရာတွင် ဆန်စပါးဒေသပေါက်ဈေးထက် ဈေးမြှင့်ဝယ်ပြီး ခွင့်ပြုချက်မရှိဘဲ နယ်ကျော်သယ်ယူသည်ဟု စွပ်စွဲချက်ဖြင့်အမှုဖွင့်ခံရခြင်းဖြစ်သည်။
“အခုလိုဖမ်းဆီးလာတော့ စက်ပိုင်တွေက စပါးဝယ်လှောင်ဖို့ ကြောက်လာပြီးစပါးဈေးနှိမ်ဝယ်ချင် ကြတယ်။ MRF (မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်) ကလည်း ၂၀၂၄-၂၀၂၅ မိုးစပါး၊နွေစပါး အခြေခံရည်ညွှန်းဈေးကို တင်းတစ်ရာ ကိုးသိန်းခွဲဈေး သတ်မှတ်ထားတော့ တောင်သူတွေအတွက် စိုးရိမ်ရတာပေါ့” ဟု ရန်ကုန်မြို့မှ ဆန်လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။
ယခု ၂၀၂၄-၂၀၂၅ မိုးစပါး၊နွေစပါး အခြေခံရည်ညွှန်းဈေးတွင် စပါးတင်းတစ်ရာ ၉၅၀,၀၀၀ ကျပ် သတ်မှတ်ထားသော်လည်း နောက်ဆုံးဒေသပေါက်ဈေး သုခစပါးတင်းတစ်ရာ စပါးအရည် အသွေးပေါ်မူတည်ပြီး ကျပ် ၁,၉၀၀,၀၀၀ မှ ၂,၀၀၀,၀၀၀ ကျပ်ရှိကာ ယင်းဈေးဖြင့် စပါးတင်း သိန်းဂဏန်းဝယ်ယူကြောင်း ဝေမာကုမ္ပဏီထံက သိရသည်။
” ဒါက ဆန်စပါးလောကသား အချင်းချင်းတိုင်ကြတာ။ နိုင်ငံခြား ဆန် Export တင်ဒါအောင်တော့ ကုန်ကြမ်းရဖို့အတွက်ဈေးအပြိုင်ပေးပြီး နယ်ကျော်ဝယ်တာကနေ အတိုင်ခံရတယ်လို့သိရတယ်။ ပဲခူးတိုင်းထဲမှာက MRF လူကြီးပိုင်းတွေရဲ့ ဆန်စက်တွေလည်းရှိတယ်။ အခုနှစ် ဇွန်လတုန်းကလည်း ဆန်သမားတွေခေါ်စစ်ခံရတုန်းက ဝေမာကုမ္ပဏီ ဆန်စပါးဝယ်ယူရေးတာဝန်ခံ မကြည်ကြည်ထွေးကို စရဖ(စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့)က ခေါ်စစ်သေးတယ် ” ဟု ရန်ကုန်မြို့မှ ဆန်လုပ်ငန်းရှင်တစ်ဦးက ဆက်လက်ပြောကြားသည်။
Wailmar Myanmar Riceland Limited သည် မြန်မာနိုင်ငံရှိဆန်စပါးကဏ္ဍတွင် အကြီးဆုံးနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်ကာ စင်္ကာပူ၊ထိုင်း၊မြန်မာကုမ္ပဏီသုံးခုပူးပေါင်းထားပြီး အမေရိကန်ဒေါ်လာ ၁၀၆ သန်းဖြင့် ၂၀၁၉ ခုနှစ်တွင်စတင်ရင်းနှီးမြှုပ်နှံထားကြောင်းသိရသည်။
ထို့ပြင် ဆန်နှင့် ဆန်ဆက်စပ်ထုတ်ကုန်များ ထုတ်လုပ်၊ရောင်းချ၊ဖြန့်ဖြူးနေသော ကုမ္ပဏီဖြစ်ပြီး မေဇင်၊မြနဂါး အမှတ်တံဆိပ်ဆန်များကိုလည်း မြန်မာနိုင်ငံဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချကြောင်း သိရသည်။
ဓာတ်ပုံ – ဝေမာကုမ္ပဏီ
#ဝေမာဆန်စပါးကုမ္ပဏီ #စပါးအဝယ်တာဝန်ခံဖမ်းဆီးခံရ #အရေးကြီးကုန်စည်ဝန်ဆောင်မှု #စပါးဒေသပေါက်ဈေးအတိုင်းဝယ်မှု #နယ်ကျော်သယ်မှု #Ayeyarwaddy_Times