ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၈ ရက်
လက်ရှိတောင်တရုတ်ပင်လယ်ပြင် တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း ရင်ရှင်း (YINXING)သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရကြောင်း ယနေ့ည နိုဝင်ဘာ ၈ ရက်နေ့တွင် စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ထုတ်ပြန်သည်။
လာမည့် ၂ ရက်အတွင်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်မည်ဖြစ်ပြီး နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ် နှင့် မွန်ပြည်နယ် တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်းသိရသည်။
ယင်းပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲမိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် ထားသည်။
အဆိုပါ တိုင်ဖွန်းမုန်တိုင်း YINXING သည် နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းတွင် ဗီယက်နမ်ကမ်းခြေ ကိုရောက်ပြီး အားလျော့သွားမှာဖြစ်ကြောင်းကို မုန်တိုင်းများလေ့လာဆန်းစစ်အတည်ပြုခြင်း ဆောင်ရွက် နေကြသည့် အပြည်ပြည်ဆိုင်ရာအဖွဲ့များ အတည်ပြုထားကြောင်း အရပ်ဘက် မိုးလေဝသ လေ့လာသူ ဦးဝင်းနိုင်က ရေးသားထားသည်။
” တနင်္သာရီတိုင်းမြောက်ပိုင်းရဲ့ အထက်ဘက် မြန်မာနိုင်ငံအပေါ်ပိုင်းဒေသတွေဆီ မိုးရွာနိုင်မယ့် အခြေ အနေအလွန်နည်းသွားပါတယ်။ မြေပြင်နဲ့ လေထုအပူချိန်တွေလဲကျဆင်းနေပြီဖြစ်တာကြောင့် မိုးရွာရင် လည်း ဆောင်းသီးနှံများအတွက်လိုအပ်တဲ့ မိုးဖွဲလောက်သာကျနိုင်ပါမယ် ” ဟု ဦးဝင်းနိုင်က ပြောကြားထားသည်။
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး ယင်းရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလ က ထုတ်ပြန်သည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၇ ပေမှ ၉ ပေခန့် ရှိနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံက သိရသည်။
ဓာတ်ပုံ – မိုး/ဇလ
#တောင်တရုတ်ပင်လယ်တိုင်ဖွန်းမုန်တိုင်း #ရင်ရှင်း #YINXING #တိုင်းနှင့်ပြည်နယ်အချို့မိုးကြီးမည်
#Ayeyarwaddy_Times