ဧရာဝတီတ်ိုင်းမ်
နိုဝင်ဘာ ၈ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဥ် ( ၇ )သင်တန်းတက်ရောက်ရန် စစ်သင်တန်း လေ့ကျင့်ရေးကျောင်းသို့ သင်တန်းသားများ ရောက်ရှိနေကြောင်း ဒေသခံများထံကသိရသည်။
ယခု နိုဝင်ဘာလက စတင်ပြီး ပုသိမ်မြို့၊ ရွှေမြင်တင်၊အမှတ်(၆)စစ်အခြေခံ စစ် လေ့ကျင့်ရေးကျောင်းသို့ သင်တန်းသား ရာနှင့်ချီကာ ရောက်ရှိနေသည်ဟု ဒေသခံများကပြောသည်။
“စုဆောင်းထားတဲ့ သင်တန်းသား အသစ်တွေ သင်တန်းတက်ဖို့ ရောက်နေကြတာများတယ်။ လောလောဆယ် အဲ့ဒီသင်တန်း မတက်ခင် တပ်ထဲမှာ သူတို့ဝယ်စားနေရတယ်။ သင်တန်းကာလကျမှ သူတို့စရိတ်သက်သာမယ်။ လူများတော့ တပ်ထဲမှာ စျေးရောင်းတဲ့သူတွေ အလုပ်ဖြစ်နေတယ်”ဟု ပုသိမ်မြို့ လေ့ကျင့်ရေးကျောင်းနှင့် နီးစပ်သူမြို့ခံတစ်ဦက ဧရာဝတီတိုင်းမ်ကိုပြောသည်။
သင်တန်းတက်ရန် ရောက်ရှိနေသည့် ပြည်သူ့စစ်မှုထမ်းများကို သင်တန်းကာလသို့ မရောက်မှီ တပ်ရင်းရှိ စစ်သည်များ၏ ဇနီးမယားများက တပ်ရန်ပုံငွေအတွက်ဟုဆိုကာ ထမင်းဟင်းအပြင် အစားအသောက်များကိုပါ စျေးတင်ရောင်းနေခြင်းကြောင့် သင်တန်းသားများမှာ အဆင်မပြေကြောင်း ပြည်သူ့စစ်မှုထမ်း သင်တန်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးကပြောသည်။
ထို့ပြင် ပုသိမ်မြို့၊ ရွှေမြင်တင်၊အမှတ်(၆)စစ်အခြေခံ စစ်လေ့ကျင့်ရေးကျောင်းအတွင်း သင်တန်းပြီးဆုံးခဲ့သည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဥ်(၁)၊ (၂)၊ (၃)၊ (၄) နှင့် (၅) အတွက် သင်တန်းသားများကို တပ်အင်အားလိုနေသည့် ရခိုင်စစ်မျက်နှာပြင်သို့ ပို့ဆောင်ခဲ့ပြီး ထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်း တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ၎င်းတို့၏ သားသမီးများကို စစ်မှုထမ်းဆောင်ရန် ချန်လှပ်ထားပြီး ၎င်းတို့နှင့် ပြေလည်ခြင်းမရှိသူ၊ ငွေကြေးမပြည့်စုံသူ အများစုကိုသာ စစ်မှုထမ်းဆောင်ရန် စစ်လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ပိုဆောင်နေကြောင်း စုံစမ်းသိရှိရသည်။
လက်ရှိတွင် ဧရာဝတီတိုင်းအပြင် ကျန်တိုင်းနှင့်ပြည်နယ်များတွင်လည်း အသက် ၁၈ နှစ်နှင့် ၃၅နှစ်တို့အကြားရှိ လူငယ်များကို ပြည်သူ့စစ်မှုထမ်းရန် မဲနှိုက်ခိုင်းသည့်အပြင် အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးခံရသည့် လူငယ်များကိုလည်း စစ်မှုထမ်းသင်တန်းကျောင်းများသို့ ပို့ဆောင်၍ သင်တန်းဆင်းပြီးပါက ရှေ့တန်းစစ်မျက်နှာများကို ပို့ ဆောင်လျက်ရှိသည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
ပုံစာ-ပုသိမ်မြို့၊ ရွှေမြင်တင်၊အမှတ်(၆)စစ်အခြေခံတန်းမြင့်လေ့ကျင့်ရေးကျောင်း
#ပုသိမ် #ပြည်သူ့စစ်မှုထမ်း #အမှတ်စဉ်၇ #သင်တန်းသားသစ် #စစ်လေ့ကျင့်ရေးသင်းတန်းကျောင်း #Ayeyarwaddy_Times