ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၇ ရက်
တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံတွင်စိုက်ပျိုးရေးအပါအဝင် ရင်းနှီးမြှုပ်နှုံမှုလုပ်ဆောင်ရန်ဖိတ်ခေါ်ခဲ့ကြောင်းသိရသည်။
စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်နေ့က ကူမင်းမြို့ရှိ Hualuxe Kunming ဟိုတယ်တွင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ စိုက်ပျိုးရေး၊ ဘိလပ်မြေထုတ်လုပ်ရေး၊ လျှပ်စစ်ထုတ်လုပ်ရေးအပါအဝင် ကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှုနှင့် နယ်စပ်ကုန်သွယ်ရေးအဆင်ပြေစေရေးတို့ကို ပြောကြားသည်။
မြန်မာနိုင်ငံတွင်လယ်ယာာမြေဟက်တာ ၆၅ သန်းကျော်ရှိကာ ၂၀ ရာခိုင်နှုန်းသာစိုက်ပျိုးနိုင်သဖြင့် မြေဆီဩဇာကောင်းမွန်သည့်နေရာများကျန်ရှိပြီး စိုက်ပျိုးရေးကဏ္ဍတွင်ရင်းနှီးမြှပ်နှံပြီး နည်းပညာလွှဲပြောင်းရယူရေး၊ စက်မှုလယ်ယာကဏ္ဍအတွက် ခေတ်မီစက်ကိရိယာများ၊ သိုလှောင်ရုံများ ရင်းနှီးမြှပ်နှံနိုင်ရန်ဖိတ်ခေါ်လိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ပြည်တွင်းတွင် ဘိလပ်မြေကိုလုံလောက်စွာမထုတ်လုပ်နိုင်သေးသည့်အတွက်ကြောင့် ဘိလပ်မြေထုတ်ရေးအခွင့်အလမ်းရှိပြီး အခြေခံကုန်ကြမ်း ထုံးကျောက်၊ ဂျစ်ပဆန်နှင့် ဂေါ်ဒန်ကျောက်များပေါကြွယ်ဝကြောင်းဆိုသည်။
ထို့ပြင်လျှပ်စစ်ကဏ္ဍတွင် တရုတ်နိုင်ငံကအောင်မြင်နေသော ဆိုလာစနစ်သုံး လျှပ်စစ်ဓာတ်အား ပေးလုပ်ငန်းများ၊ ရေအားလျှပ်စစ်လုပ်ငန်းများနှင့် လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းကို လာရောက်ရင်းနှီးမြှုပ်စေလိုကြောင်း စစ်ခေါင်းဆောင်က ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံပါက စီးပွားရေးလုပ်ငန်းများအတွက် အကျိုးခံစားခွင့်များနှင့် အခွန်ကင်းလွတ်သက်သာခွင့်များကိုသိသာစွာပံ့ပိုးပေးမည်ဖြစ်ကြောင်းပါဝင်သည်။
ထို့ပြင် သွင်းကုန်၊ ပို့ကုန်မူဝါဒများကို တတ်နိုင်သမျှဖြေလျှော့ဆောင်ရွက်ပေးမည်ဖြစ်ပြီး နိုင်ငံခြားငွေလဲလှယ်ရေးအဆင်ပြေစေရန်ဆောင်ရွက်ပေးမည်ဖြစ်ပြီး နယ်စပ်ဒေသကုန်သွယ်မှုတွင် မူလခြေအနေအတိုင်းပြန်လည်ရောက်ရှိနိုင်ရေးကြိုးစားစေလိုကြောင်း ကြောင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဆက်လက်ပြောကြားခဲ့သည်။
စစ်ခေါင်းဆောင်က တရုတ်လုပ်ငန်ရှင်များ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်နေသော်လည်း မြန်မာတစ်နိုင်ငံလုံးရှိ စက်မှုဇုန်များအားလုံး အောက်တိုဘာ ၃၁ ရက်ကစတင်၍ တစ်ရက်လျှင် လေးနာရီသာ အလှည့်ကျ လျှပ်စစ်မီး ရရှိတော့မည်ဟု စစ်ကောင်စီ၏ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက စက်မှုဇုန် လုပ်ငန်းရှင်များထံ အကြောင်းကြားထားကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု သွင်းကုန်/ပို့ကုန် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၀၀၀ ကျော်ရှိကြောင်းသိရသည်။
ဓာတ်ပုံ – MOI
#တရုတ်နိုင်ငံ #စစ်ခေါင်းဆောင် #တရုတ်စီးပွားရေးလုပ်ငန်းရှင်များ #ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ် #Ayeyarwaddy_Times