ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၇ ရက်

လက်ရှိတွင်တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသော မြန်မာ – တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်များသည် အစိုးရများ၏ စီမံခန့်ခွဲမှုအောက်တွင်ရှိရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၊ နိုင်ငံတော်ဝန်ကြီးချုပ် လီချန်းက ပြောကြားကြောင်းသိရသည်။

ယမန်နေ့ နိုဝင်ဘာ ၆ ရက်နေ့က တရုတ်နိုင်ငံ၊ ကူးမင်းမြို့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Li Qiang ( လီချန်း) တို့တွေ့ဆုံရာ၌ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။

” တရုတ်နိုင်ငံအတွင်းအခြေပြုပြီး မြန်မာနိုင်ငံရဲ့ အကျိုးကိုပျက်စီးအောင်ဆောင်ရွက်နေတာကိုလက်သင့်မခံဘူး။ နှစ်နိုင်ငံနယ်စပ်ဂိတ်တွေက အစိုးရစီမံခန့်ခွဲမှုအောက်မှာပဲရှိရမယ်။ အဲဒီအတွက် အပြည့်အဝစီမံခန့်ခွဲရေးဆက်လက်ဆောင်ရွက်သွားမယ် ” ဟု လီချန်းက ဆက်လက်ပြောကြားခဲ့သည်။

တရုတ် – မြန်မာစီးပွားရေးစင်္ကြံတည်ဆောက်ရေးသည် ထိပ်တန်းစီမံကိန်းဖြစ်ပြီး ဆက်လက်အကောင် အထည်ဖော်မည်ဖြစ်၍ ကဏ္ဍပေါင်းစုံပူးပေါင်းရေး နားလည်မှုစာချွန်လွှာနှင့် သဘော တူစာချုပ် ခုနစ် ခု ထပ်မံလက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် မြောက်ပိုင်းညီနောင်မဟာမိတ် ကိုးကန့်တပ် ( MNDAA) ၊ တအာင်းတပ် ( TNLA) တို့သိမ်းပိုက်ထားသည့် မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရေးဂိတ်များကို တရုတ်နိုင်ငံဘက်ကပိတ်ထားသည်။

ထို့ပြင် ကချင်ပြည်နှင့် တရုတ်နယ်စပ်ကုန်သွယ် ရေးစခန်းတို့မှ လွယ်ဂျယ်စခန်းကို ကချင်လွတ် လပ်ရေးတပ်မတော် (KIA) က ထိန်းချုပ်ထားပြီး ကန်ပိုက်တီစခန်းလမ်းကြောင်းကို ထိန်းချုပ်လျက်ရှိကြောင်းသိရသည်။

တရုတ်နိုင်ငံသည် တရုတ်-မြန်မာ နယ်စပ်ဂိတ်များတွင် ကုန်ပစ္စည်းများတင်ပို့မှုကို နယ်စပ်ဂိတ်များမှ ပို့ဆောင်ခွင့်မပြုဘဲ ပိတ်ပင်ထားကြောင်း သိရသည်။

ဓာတ်ပုံ – MOI
#တရုတ်အကျိုးစီးပွား #နယ်စပ်ဂိတ်စခန်းများ
#နှစ်နိုင်ငံလက်အောက်ရှိရမည် #တရုတ်ဝန်ကြီးလီချန်း #စစ်ကောင်စီခေါင်းဆောင် #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #Ayeyarwaddy_Times