ကိုကိုလေး/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၇ ရက်
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေ့ရောညပါ အဆက်မပြတ် ကင်းလှည့် နေသော်လည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့က အမျိုးသမီးတစ်ဦးထံမှ မြန်မာငွေကျပ်ငွေသိန်း ၄၀၀နှင့် ထိုင်းဘတ်ငွေ နှစ်သိန်းကို ဓားထောက်လုယက်သွားကြောင်း ကော့သောင်း မြို့ခံများထံက သိရသည်။
လုယက်ခံသူသည် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး အလုပ်ကိစ္စဖြင့် အပြင်ထွက်လာစဉ် ည ၆နာရီ ၃၀မိနစ်ဝန်းကျင်က ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက်တွင် အလုခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အမျိုးသားနှစ်ဦးသည် ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး အမျိုးသမီးကို ခြိမ်းခြောက်၍ ထိုင်းဘတ်ငွေ နှစ်သိန်းနှင့် မြန်မာငွေ သိန်း ၄၀၀ကို လုယူကာ ဆိုင်ကယ်မောင်းထွက်ပြေးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
”အလုခံရပြီးမကြာဘူး။ ရဲတွေရော စစ်သားတွေရော အဖွဲ့စုံရောက်လာကြတယ်။ အခုရက်က ကော့သောင်းမြို့မှာ လုယက်မှုတွေ ဆက်တိုက်ဖြစ်နေတာ။ ညနေ ညပိုင်းဆိုရင် အပြင်မထွက်ရဲ သလောက်ပါပဲ။ အလုပ်ကိစ္စရှိနေတော့လည်း မဖြစ်မနေသွားရပြန်တယ်။ လုယက် ခံရတဲ့နေရာတွေက လူသွားလူလာပြတ်တဲ့ နေရာမဟုတ်ဘဲ ပုံမှန်သွားလာနေကြတဲ့သူတွေလည်းရှိတယ်“ဟု ကော့သောင်း မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လုယက်သွားသူ အမျိုးသားနှစ်ဦးကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြား ထားသော်လည်း လက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့က ငါးသုံးလုံးတောင်တွင် အမျိုးသားတစ်ဦးကို ဓားဖြင့် ထောက်၍ သတ်ပြစ်မည်ဟု ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်သွားကြောင်း ကော့သောင်းမြို့ခံများ ထံက သိရသည်။
ထိုသို့ လုယက်မှုများဖြစ်ပွားနေသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကော့သောင်းမြို့အတွင်း နေ့ရောညပါ ကင်းပတ်လေ့ရှိပြီး မြို့ခံအချို့ကိုဖမ်းဆီး၍ “စစ်မှုထမ်းမလား၊ ထောင်ကျခံမလား” ဟုမေးမြန်းကာ စစ်မှုမထမ်းလိုသူများကို ထောင်ချခြင်း၊ စစ်မှုထမ်းဆောင်မည့်သူများကို စစ်လေ့ ကျင့်ရေးသင်တန်းကျောင်းသို့ ပို့ဆောင်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများ၏ ပြောကြားချက် အရ သိရသည်။
#ကော့သောင်း #အမျိုးသမီးတစ်ဦး #မြန်မာငွေသိန်း၄၀၀ #ထိုင်းဘတ်ငွေ၂သိန်း #လုယက်ခံရ #Ayeyarwaddy_Times