ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၇ ရက်
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)၏ စစ်လက်နက် ပစ္စည်း သိုလှောင်ရေးတပ် CODကို အာရက္ခတပ်တော် (AA) က ဆက်လက် သိမ်းပိုက်လိုက်ကြောင်း သိရသည်။
စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ်နှင့်အတူ ခြေမြန်တပ်ရင်း ခမရ ၃၇၁တို့ကိုပါ ယမန်နေ့ နိုဝင်ဘာ ၆ရက်နေ့တွင် AAက သိမ်းပိုက်လိုက်ကြောင်း သိရသည်။
အမ်းမြို့နယ် မြို့သစ်ရပ်ကွက်ရှိ စစ်ကောင်စီ၏ ခမရ ၃၇၁တပ်ရင်းကို ယမန်နေ့က အထိ AAက ထိုးစစ်ဆင်နေခဲ့ပြီးနောက် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သိရသည်။
“CODတပ်နဲ့ ၃၇၁ကို သိမ်းတာမှန်ပါတယ်။ နပခ အနီးကို ရောက်လာပါပြီ။ တပ်စခန်း ၁၂ ခုကျော်နဲ့ ဗျူဟာကုန်း၊ စိုးမိုးကုန်းတွေပါ ရယူထားတာပါ။ စစ်တပ်က လေကြောင်းပဲ အားထားစရာရှိတော့တယ်။ ပြည်မဘက်ကိုလည်း ဒေသကာကွယ်ရေးအဖွဲ့တွေက စောင့်ကြည့်နေတာဆိုတော့ စစ်တပ်က ပိတ်ဆို့ခံလိုက်ရပြီ” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၃ရက်ကလည်း စစ်ကောင်စီက တစ်မိုင်ကုန်းနှင့် ဂေါက်ကလပ်အနီးဝန်းကျင်ကို Y12လေယာဉ်များဖြင့် ဗုံးကြဲပြီးနောက် ရဟတ်ယာဉ် လေးစင်းဖြင့် လူအင်အားဖြည့်တင်းခဲ့ကြောင်း သိရသည်။
AA သည် အောက်တိုဘာ ၂၈ရက်နေ့မှစ၍ အမ်း၊ နပခအနီးရှိ တပ်ရင်းများနှင့် ဗျူဟာကုန်းများကို တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ယခုအခါတွင် တပ်စခန်း ၁၄ ခုထက်မနည်း သိမ်းဆည်း နိုင်ခဲ့ပြီး ဖြစ်သည်။
ဂျင်တောင်အနီး ဒိုင်ကြီးရွာအနီးတွင် စစ်ကောင်စီနှင့် AA တို့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်သည့်အတွက် ဒိုင်ကြီးရွာရှိ နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း BEတပ်၊ သရက်ပင်တပ်စခန်း၊ နတလဂိတ်တို့ အသိမ်းခံရ ပြီးနောက် စခန်းမှ လက်လွတ်ထွက်ပြေးခဲ့ရသော စစ်ကောင်စီတပ်ဖွဲ့များသည် ပဲပဒုံ ဂိတ်စခန်းရှိ တပ်ဖွဲ့များနှင့် ပူးပေါင်း ခုခံခဲ့သော်လည်း လက်ရှိတွင် အဆိုပါ ပဲပဒုံ ဂိတ်ကိုပါ AAက သိမ်းဆည်းထားပြီ ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ AA ၏ အဘက်ဘက်မှ ပိတ်ဆို့တိုက်ခိုက်မှုကို ခံနေရပြီး လေကြောင်း ပစ်ကူနှင့် မကွေးနှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ကူများဖြင့် ခုခံနေရကြောင်း သိရသည်။
ပုံစာ- အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)
#အမ်း #စစ်ကောင်စီ #စစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ် #COD #AAသိမ်းပိုက် #Ayeyarwaddy_Times