နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၆ ရက်
မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် တစ်ဖက်သတ် ဖိအားပေးနေသော တရုတ်အစိုးရအနေဖြင့် နယ်စပ်ဒေသ တည်ငြိမ်စေလိုလျှင် ဆေးမီးတိုနှင့် ကု၍မရသလို ၎င်းအတွက် အကျိုးရှိလာမည် မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထောက်ပြပြောဆိုသည်။
NUG နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့သည် နိုဝင်ဘာ ၅ ရက်က အွန်လိုင်းမှတဆင့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ထိုသို့ ပြောကြားခဲ့သည်။
“တရုတ်အနေနဲ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်း လိုတယ်ဆိုတာ ကောင်းကောင်းနားလည်တယ်။ ဒါပေမဲ့ ဒါဟာ ဆေးမီးတိုနဲ့ ကုလို့ရတဲ့ကိစ္စတော့ မဟုတ်ဘူး။ ကျွန်မတို့ ရေရှည်အာမခံနိုင်တဲ့ အဖြေကို ရှာနိုင်ဖို့ တိုက်ပွဲဝင်နေကြတာ ဖြစ်တယ်။ ဆေးမီးတိုလောက်နဲ့တော့ ခဏခဏ ဒီမတည်ငြိမ်မှုတွေ ဖြစ်စေမှာပဲ” ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။
ထို့အပြင် ယခုကဲ့သို့ နိုင်ငံရေး မတည်ငြိမ်မှုများ၊ မကြာခဏ အာဏာသိမ်းသော သံသရာများကို ကျော်လွှားနိုင်ရန် နိုင်ငံရေးတွင် စစ်တပ်မပါမှုအား အာမခံသော စနစ်ပြောင်း တော်လှန်ရေးနှင့် တိုင်းရင်းသားများအတွက် ဖက်ဒရယ်စနစ်ကို အာမခံနိုင်သော စနစ်မျိုး ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
“ဟိုကဖိအားပေး၊ ဒီကဖိအားပေး ဆိုရုံနဲ့တော့ တရုတ်အတွက်လည်း အကျိုးရှိလာမှာ မဟုတ်ဘူးလို့ မြင်မိတယ်။ ဒီဖိအားရှိတဲ့အတွက် ပိုပြီးတော့ ရုန်းရတယ်။ လူထုရဲ့ စိုးရိမ်သောကတွေ တက်စေတယ်။ သို့သော် တော်လှန်ရေးရဲ့ လမ်းကြောင်း၊ ဦးတည်ရာကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး” ဟု ဝန်ကြီး ဒေါ်ဇင်မာအောင်က ဆက်လက်ပြောသည်။
တရုတ်အစိုးရသည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ပိုမိုနီးကပ် ကူညီထောက်ပံ့မှုများ ပြုလုပ်နေသလို တစ်ဖက်တွင်လည်း စစ်ကောင်စီကို မရှာမလှ အထိနာ စစ်ရှုံးစေသည့် မြောက်ပိုင်း မဟာမိတ် ညီနောင်အဖွဲ့များအား တွေ့ဆုံဖိအားပေး ခြိမ်းခြောက် ပိတ်ဆို့မှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
ထို့အပြင် တရုတ်အစိုးရက ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ နှစ်ရက်တာ ကျင်းပသွားမည့် အစည်းအဝေးများ တက်ရောက်ရန် ပထမဆုံးအကြိမ် စစ်ခေါင်းဆောင် ဗိုဘ=လ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားလာသဖြင့် လက်ရှိတွင် ၎င်း၏ အပေါင်းအပါများနှင့်အတူ ရောက်ရှိနေပြီး တရုတ်စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ယင်းအပြင် ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူး မစ္စတာ ဝမ်နင်သည် ကူမင်းမြို့ကို နိုဝင်ဘာ ၅ ရက်က ရောက်ရှိလာသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အပေါင်းအပါတို့ကို လက်ခံတွေ့ဆုံ၍ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့် ရုပ်သံ၊ သတင်းစာများအရ သိရှိရသည်။
စစ်ခေါင်းဆောင်သည် ထိုခရီးစဉ်အတွင်း မဟာမဲခေါင်ဒေသခွဲ၊ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင် ရွက်မှု မဟာဗျူဟာနှင့် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတို့ကို တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ တက်ရောက်ရန် တရုတ်ဝန်ကြီးချုပ် လီချန်က ဖိတ်ကြားခြင်းဖြစ်ပြီး ၎င်းအနေဖြင့် အစည်းအဝေးများ တက်ရောက်ခြင်းအပြင် တရုတ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ အထင်ကရနေရာ၊ တက္ကသိုလ်နှင့် စက်ရုံ၊ အလုပ်ရုံများကို လေ့လာသွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
တရုတ်အစိုးရ၏ ယခုဖိတ်ကြားမှုသည် စစ်ကောင်စီအား မျက်နှာမူသော ဆက်ဆံရေးမျိုး ဖြစ်နေခြင်းကြောင့် နှစ်နိုင်ငံအကြား အဖုအထစ် ဖြစ်သွားမည်ကို စိုးရိမ်ခဲ့သော်လည်း ထိုအရာသည် နိုင်ငံတော်အဆင့် ခရီးစဉ်မဟုတ်ဘဲ ဒေသတွင်းဆိုင်ရာ ဖိုရမ်တစ်ခုဖြစ်ကြောင်း NUG နှင့် တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောတို့က ဆိုထားသည်။
ဓာတ်ပုံ- စစ်ကောင်စီ
ပုံစာ – စစ်ခေါင်းဆောင်နှင့် မစ္စတာ ဝမ်နင်တို့ တွေ့ဆုံ။
#တရုတ် #နယ်စပ်ဒေသတည်ငြိမ်စေလို #ဆေးမီးတို #NUG #Ayeyarwaddy_Times