ဧရာဝတီတိုင်းမ်
(မတူပီ)၊ နိုဝင်ဘာ ၆ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၁ ၊ အာရက္ခတပ်တော်(AA)နှင့် မဟာမိတ်ပူးပေါင်းတပ်များအနေဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၂ ၊ အောက်ချင်းတပ်ရင်းထိန်းချုပ်နယ်မြေဘက်သို့ စစ်ကြောင်းထိုးခြင်းနှင့် တပ်စခန်းချထားခြင်းများမပြုလုပ်ရန် CDF-မတူပီ၊ တပ်မဟာ ၂ ၊ အောက်ချင်းတပ်ရင်းက ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၁ သည် အာရက္ခတပ်တော်(AA)၏ လက်နက်အင်အားကို အားကိုး၍ အောက်ချင်းတပ်ရင်းထိန်းချုပ်နယ်မြေတွင် တပ်ချခြင်း၊ စစ်ကြောင်းထိုးခြင်း၊ ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများတွင် နေရာယူတပ်စွဲခြင်း၊ ပြည်သူများကို အတင်းအဓမ္မစည်းရုံးခြင်းနှင့် ပြည်သူများဖြတ်သန်းသွားလာမှုကို ပိတ်ပင်တားဆီးခြင်းပြုလုပ်နေပြီး နယ်မြေခံတပ်ရင်း၏ ခွင့်ပြုချက်မပါဘဲ ထိုသို့လုပ်ဆောင်ချက်များကို လုံးဝကန့်ကွက်ကြောင်းထုတ်ပြန်ချက်အရသိရသည်။

“ဟားခါး-မတူပီလမ်းမှာရှိတဲ့ ငလိုင်ရွာကျော်တဲ့အထိ တပ်မဟာ ၁ နဲ့ မဟာမိတ်တွေက နေရာယူတပ်စွဲလာကြတယ်။ အောက်ချင်းတပ်ရင်းထိန်းချုပ်နယ်မြေမှာရှိတဲ့ ကျေးရွာတွေကို သွားရောက်ပြီး အုပ်ချုပ်ရေးဖွဲ့ဖို့ အတင်းစည်းရုံးမှုတွေ ဆက်တိုက်လုပ်ဆောင်လာတယ်။ လမ်းတွေ ပိတ်ပင်တားဆီးမှုကြောင့် ပြည်သူလူထုတွေ လွတ်လပ်စွာ ဖြတ်သန်းသွားလာလို့ မရတဲ့အတွက် အခက်အခဲမျိုးစုံရင်ဆိုင်ကြုံတွေ့နေတာပေါ့နော်။ ကျနော်တို့ တပ်မဟာအချင်းချင်းပြေလည်ပြီး စစ်ရှောင်တွေ အမြန်ဆုံးပြန်လည်ဝင်ရောက်နိုင်ဖို့အတွက် တတိယအဖွဲ့အစည်းနဲ့ ကြိုးစားဖို့ လုပ်ဆောင်နေတဲ့အချိန်မှာ အခုလိုမျိုးနယ်မြေကျူးကျော်မှုတွေ မပြုလုပ်သင့်ဘူးလို့ ပြောချင်ပါတယ်။ဒါကြောင့် တပ်မဟာ ၁ အနေနဲ့ အမြန်ဆုံးပြန်လည်ဆုတ်ခွာပေးဖို့ ပြောချင်ပါတယ်´´လို့ အောက်ချင်းတပ်ရင်းတာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၁ ၊ အာရက္ခတပ်တော်(AA)နှင့် မဟာမိတ်ပူးပေါင်းတပ်များအနေဖြင့် ထိုသို့လုပ်ဆောင်ချက်များအား ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေပါက နောက်ဆက်တွဲပြသနာသည် CDF-မတူပီ၊ တပ်မဟာ ၁ မှ တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်ရှိမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ မတူပီမြို့နယ်၊ ငလိုင်ကျေးရွာတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၁ ၊ အာရက္ခတပ်တော်(AA)နှင့် မဟာမိတ်ပူးပေါင်းတပ်များအနေဖြင့် ဘုရားကျောင်းအပါအဝင် နေရာအနှံ့၌ ကတုတ်ကျင်းတူးပြီး အခိုင်အမာတပ်စွဲခြင်းများကို လုံးဝကန့်ကွက်ကြောင်းနှင့် အမြန်ဆုံးရုတ်သိမ်းပေးရန် ကမ္ဘာလုံးဆိုင်ရာငလိုင်အဖွဲ့အစည်းက နိုဝင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လက မတူပီမြို့သိမ်းတိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF-မတူပီ၏ တပ်မဟာ (၁) နှင့် တပ်မဟာ (၂) တို့ကြားတွင် ပဋိပက္ခဖြစ်ပွားမှုကြောင့် တပ်မဟာအချင်းချင်းတိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ နှစ်ဖက်ပြေလည်မှုမရှိသေးသလို စစ်ရေးတင်းမာလျှက်ကြောင်းသိရသည်။

ပုံစာ- ​CDF-မတူပီ၊ တပ်မဟာ ၁ က ငလိုင်ရွာမှာ ကတုတ်ကျင်းတူးသည့် မြင်ကွင်း။
#ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ #တပ်မဟာ ၁ #အောက်ချင်းတပ်ရင်းနယ်မြေ #စစ်ကြောင်းထိုးခြင်း #တပ်စခန်းချခြင်းမပြုလုပ်ရန် #ထုတ်ပြန်