ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၆ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အမှတ်(၅)၊ နယ်ခြားစောင့်စခန်း (နခခ-၅) မြို့သူကြီးကို အာရက္ခတပ်တော် (AA) က အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လေကြောင်းမှပြန်လည်၍ နေ့စဉ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ နိုဝင်ဘာ ၅ရက်နေ့ မွန်းလွဲ ၃နာရီခန့်က နခခ ၅ အတွင်းသို့ စစ်လက်နက်ပစ္စည်းနှင့် ရိက္ခာထုတ်များကို Y12 လေယာဉ်ဖြင့် ချပေးခဲ့ပြီး ထိုသို့ လက်နက်၊ရိက္ခာမပို့ခင် စခန်းအနီးတဝိုက်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီသည် ​ပြီးခဲ့သည့် နိုဝင်ဘာ ၄ရက်နေ့ ည ၁၀နာရီခန့်မှစတင်၍ ယမန်နေ့ နိုဝင်ဘာ ၅ရက်နေ့ နံနက်အစောပိုင်းအချိန်ထိ Y-12 လေယာဉ်မှ လေထီးများဖြင့် လက်နက်၊ခဲယမ်းနှင့် ရိက္ခာများကို နခခ ၅အတွင်း ချပေးခဲ့ကြောင်း သိရသည်။

“နေ့တိုင်း လေကြောင်းပစ်ကူလာတယ်။ လေကြောင်းထောက်ပို့လုပ်တယ်။ စခန်းက ခြံစည်းရိုးတွေပျက်ကုန်ပြီ။ တပ်‌တော်ကလည်းအနီးကပ် တိုက်လာတယ်။ လက်နက်ငယ်တွေနဲ့ပါ အပြန်အလှန်ပစ်ကြတယ်။ လက်နက်ကြီးနဲ့လည်း အသားကုန်ထုကြတာ” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၈ရက်နေ့မှစ၍ AAက ထိုးစစ်အရှိန်မြှင့်တင်ခဲ့ရာ စစ်ကောင်စီကလည်း လေကြောင်းမှနေ၍ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေပြီး လက်နက်၊ခဲယမ်းနှင့် ရိက္ခာများကို လေကြောင်းမှတောက်လျှောက်ချပေးခဲ့ကြောင်း သိရသည်။

လယ်ကွင်းပြင်ထဲတွင် တည်ရှိနေသည့် နခခ-၅ မြို့သူကြီး တပ်စခန်းတွင် ခြံစည်ရိုး သုံးထပ်ကာရံကာ မိုင်းများ အထပ်ထပ်ခင်းထားပြီး ကတုတ်ကျင်းများအခိုင်အမာတူး၍ ခုခံစစ်အတွက် အထူးပြင်ဆင်ထားကြောင်း သိရသည်။

ယခု ရက်ပိုင်းအတွင်း AA၏ လက်နက်ကြီး ပစ်ခတ်မှုနှင့် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုများကြောင့် နခခ -၅ ခြံစည်းရိုးများနှင့် ဘန်ကာများ ပြိုကျပျက်စီးမှုရှိကြောင်း သိရသည်။

နခခ ၅ အတွင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့အခြေစိုက်၊ အမှတ်(၂၂) ခြေမြန်တပ်မ ဌာနချုပ်၊ ဘူးသီးတောင်အခြေစိုက် အမှတ် (၂၅၃) ခြေလျင်တပ်ရင်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊ စစ်သင်တန်းရက်တိုပေးကာ ခေါ်ယူ လက်နက်တပ်ဆင်ပေးထားသည့် မူဆလင်လက်နက်ကိုင်များ စသည်တို့ဖြင့် ဖွဲ့စည်းထားပြီး အင်အား ၆၀၀မှ ၁၀၀၀ နီးပါးအထိရှိကြောင်း သိရသည်။

စစ်ကောင်စီအရာရှိများသည် နခခ ၅ အတွင်းရှိအောက်ခြေ တပ်ဖွဲ့ဝင်များကို ပြင်ပနှင့် ဆက်သွယ်မှု ပိတ်ပင်ထားပြီး လက်ကိုင်ဖုန်းများပါ သိမ်းဆည်းထားသည့်အတွက် မိသားစုနှင့်အဆက်အသွယ်မရသည်မှာ လနှင့်ချီကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

အခြေခံစားသောက်ကုန်များကို လေယာဉ်မှ လေထီးဖြင့်လာချပေးနေသော်လည်း ရေနှင့် စားနပ်ရိက္ခာလုံလောက်မှုမရှိဘဲ ထိခိုက်ဒဏ်ရာရသူများမှာ ဆေးဝါးကုသခွင့်မရရှိကြောင်းလည်း သိရသည်။

မောင်တောမြို့နယ်တွင် အဆိုပါ အမှတ် (၅) နယ်ခြားစောင့်စခန်း (နခခ-၅) တစ်ခုသာ ကျန်ရှိတော့ပြီး မောင်တောမြို့ထဲတွင် ပြန့်ကြဲထွက်ပြေးနေသော ARA၊ ARSA၊ RSO လက်နက်ကိုင်အဖွဲ့များကိုလည်း AA က လိုက်လံရှာဖွေ ရှင်းလင်းလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိ မြို့သိမ်းတိုက်ပွဲများတွင် မောင်တော မြို့သိမ်းတိုက်ပွဲသည် လချီကြာမြင့်သည့်တိုက်ပွဲဖြစ်လာပြီး စစ်ကောင်စီကလည်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်သည့် မောင်တော မကျစေရေးအတွက် နခခ ၅ စခန်းတွင် နောက်ဆုံးခုခံလျက်ရှိသည်။

စခန်းအတွင်းရှိ တပ်ဖွဲ့ဝင်များကိုလည်း မိသားစုနှင့်အဆက် အသွယ်ဖြတ်ကာ အသေခံခုခံတိုက်ခိုက်ခိုင်းထားပြီး လေ ကြောင်းမှနေ၍ တိုက်ပွဲဖြစ်ပွားရာနှင့် အနီးတဝိုက်ကျေးရွာများကို နေ့စဉ်နီးပါး ဗုံးကြဲ တိုက်ခိုက်လျက်ရှိသည်။

#မောင်တော #စစ်ကောင်စီ #နခခ၅ #AA #ထိုးစစ်ဆင် #Ayeyarwaddy_Times