ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၆ ရက်

မကွေးတိုင်း၊ မကွေးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် စစ်ကောင်စီခန့်အုပ်ချုပ်‌‌ရေးမှူး ပျူစောထီးခေါင်းဆောင်တို့ပူးပေါင်း၍ ခရီးသွားများကို ဖမ်းဆီးနှိပ်စက်ကာ စစ်သင်တန်းကျောင်းသို့ ပို့နေကြောင်း ဒေသခံများကသိရသည်။

မကွေးမြို့နယ် ၊ လွန်မြတ်ကန်ကျေးရွာအုပ်စုရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဝင်းမြိုင်သည် မကွေးနတ်မောက်လမ်းမြို့ဝင်ဂိတ်စောင့် စစ်ကောင်စီတပ်သားများနှင့်ပူးပေါင်းကာ လမ်းသွားလမ်းလာပြည်သူများကို ဖမ်းဆီးနှိပ်စက်ပြီး စစ်မှုထမ်းရန် စစ်သင်တန်းကျောင်းသို့ ပို့ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

”ဂိတ်မှာ စစ်သားတွေနဲ့ သူတို့ပျူတွေ ပူးပေါင်းပြီး ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တယ်၊ သူနေထိုင်ရာ လွန်မြတ်ကန်ရွာနဲ့ အနီးရှိကျေးရွာတို့က ကျေးရွာသားတချို့ကိုလည်း ဖမ်းဆီး နှိပ်စက်တယ်။ ပြီးတော့ ပေါ်တာဆွဲပြီးရင် ဆိုင်ရာသင်တန်းတွေပို့ပြီး ‌ရှေ့တန်းပို့မှာ” ဟု လွန်မြတ်ကန်ရွာရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့သည် မကွေးနတ်မောက်လမ်းပေါ်မှ ကျေးရွာအချို့နှင့် မကွေး၊ နေပြည်တော်လမ်းတလျှောက်ရှိ ကျေးရွာအချို့မှ ဖမ်းဆီးထားသည့်ပြည်သူများကိုမကွေးမြို့ အမှတ် (၃၀၁) ခြေမြန်တပ်ရင်းသို့ ပို့ဆောင်နေကြောင်း ဖမ်းဆီးခံထားရသူတချို့၏ မိသားစုဝင်များထံက သိရသည်။

စစ်ကောင်စီတပ်နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးဝင်းမြိုင် တို့သည် အသက် ၁၈နှစ်မှ အသက် ၃၅နှ‌စ်များကို ပြည်သူ့စစ်မှုထမ်းများနှင့် ပြည်သူ့ စစ်အတွက်ဟုဆိုကာ ယခု ၂၀၂၄ ခုနှစ် အစောပိုင်းကစတင်၍ အဓမ္မ လူအင်အားစုဆောင်းခဲ့ခြင်းလည်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ မကွေးနတ်မောက်လမ်း မြို့ဝင်ဂိတ်စောင့် စစ်ကောင်စီတပ်နှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဝင်းမြိုင်တို့မှာ လူအင်အား ၃၀ကျော်နှင့် လက်နက်ခဲယမ်းအပါအဝင် သေနတ်အလက် ၂ဝ ကျော်ရှိပြီး အင်အားသုံးကာ ယခုလိုပြုလုပ်နေကြခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ ဖမ်းဆီးခံရသူများအနက် ငွေကြေးပြည့်စုံသူအချို့မှာ အမှတ် (၃၀၁) ခြေမြန်တပ်ရင်းတွင် ငွေကြေးဖြင့် လိုက်လံရွေးထုတ်ရပြီး ငွေကြေးမပြည့်စုံသည့် ဒေသခံအချို့မှာ သက်ဆိုင်ရာ သင် တန်းကျောင်းများကို ပို့ဆောင်၍ ရှေ့တန်းသို့ စေလွှတ်ခြင်းခံရကြောင်း ဒေသခံများကဆိုသည်။

လက်ရှိတွင် မကွေးတိုင်းအပြင် ကျန်တိုင်းနှင့်ပြည်နယ်များတွင်လည်း အသက် ၁၈ နှစ်နှင့် ၃၅နှစ်တို့အကြားရှိလူငယ်များကို ပြည်သူ့စစ်မှုထမ်းရန် မဲနှိုက်ခိုင်းသည့်အပြင် အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးခံရသည့် လူငယ်များကိုလည်း စစ်မှုထမ်းသင်တန်းကျောင်းများသို့ ပို့ဆောင်၍ သင်တန်းဆင်းပြီးပါက ရှေ့တန်းစစ်မျက်နှာများကို ပို့ ဆောင်လျက်ရှိသည်။

ပုံစာ-အမှတ်စဥ် (၆) ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ

#မကွေး #အုပ်ချုပ်ရေးမှူး #စစ်ကောင်စီတပ် #ပူးပေါင်း #ခရီးသွား #ဒေသခံများဖမ်းဆီးနှိပ်စက် #စစ်မှုထမ်းသင်တန်း #ပို‌ဆောင်‌‌ #Ayeyarwaddy_Times