ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၆ရက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်းတွင် စစ်ကောင် စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေမှ ခုခံတိုက်ခိုက်နေကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၅ရက်နေ့က တိုက်ပွဲဖြစ်ပွားနေသည့် တိုင်ကျိုးရွာကို စစ်ကောင်စီကလေ ကြောင်းမှ ဗုံးလေးကြိမ်ထက်မနည်းကြဲချတိုက် ခိုက်ခဲ့သည်။

“ဒီနေ့မနက်ထိ လက်နက်ကြီးသံတွေကြားတယ်။ စစ်တပ်က အင်အား ၃၀၀နီးပါးရှိမယ်။ လေယာဥ်အကူရော သင်္ဘောတွေကရောလာပစ်တယ်” ဟု ဂွဒေသခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယမန်နေ့က တိုင်ကျိုးနှင့် ဆပ်သွားအရှေ့ဘက်ရှိ ဆားချက်ကြီး၊ ဆားချက်လေးတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီက ဂွမြို့၊ ခမရ ၅၆၃မှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ကမ်းသာယာနှင့် ဆပ်သွားဘုန်းကြီး ကျောင်းတွင် အခြေချထားသည့် လက်နက်ကြီးစခန်းများမှနေ၍လည်း စစ်ကောင်စီက ပစ်ကူပေးခဲ့ကြောင်း သိရသည်။

ပင်လယ်အတွင်း ရပ်နားထားသည့် နေဗီ ငါး စီးမှနေ၍လည်း ဆားချက်ကြီး၊ ဆားချက်လေးနှင့်တိုင်ကျိုးကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအချို့ လက်နက်နှင့်တကွထွက်ပြေးကြရာ ဆားချက်ကြီးရွာအနီးတွင် လိုက်လံဖမ်းဆီးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အချင်းချင်း ပစ်ခတ်မှုများဖြစ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီက အသုံးပြုတိုက်ခိုက်သည့် ဒရုန်းဗုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များပေါ် ပြန်လည်ကျရောက်ပြီး ထိခိုက်သေဆုံးမှုများကြောင်း သိရသည်။

စစ်ကောင်စီက လက်နက်ကြီး စခန်းများကို မူလက ကြွေချိုင်တွင် တပ်စွဲအခြေချထားပြီး AA တိုက်ခိုက်မှုကြောင့် တဖြည်းဖြည်း နောက်ဆုတ်ခဲ့ရာ ယခု ကမ်းသာယာနှင့် ဆပ်သွားဘုန်းကြီး ကျောင်းတို့တွင် နေရာယူထားကြောင်း သိရသည်။

ဂွမြို့နယ်အတွင်းရှိ တိုင်ကျိုးစာသင်ကျောင်း၊ ပုဂံတောင်၊ မော်ရွှေချိုင်၊ ဆပ်သွားဘုန်းကြီးကျောင်းတို့တွင် စစ်ကောင်စီတပ်များ တပ်စွဲနေရာယူထားကြောင်း သိရသည်။

ဂွမြို့နယ်အတွင်းတိုက်ပွဲများတွင် လေကြောင်းပစ်ခတ်မှုကို စစ်ကောင်စီက ပုသိမ်မှလေတပ်ကို အဓိကထား ပြီး စစ်ကူပို့ခြင်းနှင့် ဗုံးကြဲချခြင်းများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

#ဂွ #တိုင်ကျိုး #ဆားချက်ကြီး #ဆားချက်လေး #စစ်ကောင်စီ #AA #တိုက်ပွဲဖြစ် #Ayeyarwaddy_Times