ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၆ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ဖြစ်ပွားသည့် တိုက်ပွဲကြောင်း ဌာနဆိုင်ရာရုံးများ ပိတ်ထားပြီး ဒေသခံများလည်း တိမ်းရှောင်နေကြကြောင်း သိရှိရသည်။

ဖလမ်းမြို့တွင် စစ်ကောင်စီနှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်တို့ ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ရက်မှစ၍ မြို့တွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲကြောင့် အရပ်သားများနှင့်အတူ Non CDM ဝန်ထမ်းများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ဒေသခံများက ဆိုသည်။

“ဖလမ်းမှာ ဆေးရုံဝန်ထမ်းတွေဘဲ ကျန်မယ်။ ပြီးရင် မြို့တွင်းရေပေး၊ ရေတင်တဲ့သူရှိမယ်။ ကျန်တဲ့ဌာနဆိုင်ရာတွေက ဝန်ထမ်းတွေ အကုန်လုံးထွက်ပြေးကြပြီး ရုံးပိတ်ထားလိုက်ရတယ်” ဟု ဖလမ်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖလမ်းမြို့တွင်း ဖြစ်ပွားသည့်တိုက်ပွဲကြောင့်အရပ်သားများ ထိခိုက်သေဆုံးသည့်အတွက် မြို့ခံပြည်သူများအားလုံးသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြခြင်း ဖြစ်သည်။

“တိုက်ပွဲစဖြစ်တုန်းက သုံးရက်ဆက်တိုက်ဖြစ်တော့ တိုက်ပွဲဆက်ဖြစ်မယ်ကို စိုးရိမ်တာနဲ့ တိုက်ပွဲတွင်း အရပ်သားထိခိုက်သေဆုံးလို့ ၊အသက်အန္တရာယ် စိုးရိမ်ကြတာနဲ့ ထွက်ပြေးကုန်ကြတာ” ဟု ဖလမ်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထွက်ပြေးတိမ်းရှောင်ကြသည့် ဖလမ်းမြို့ခံများသည်စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တို့တွင် သွားရောက်တိမ်းရှောင်ကြကြောင်း သိရသည်။

ဖလမ်းမြို့ပေါ်တွင် လူဦးရေ ၁၂၀၀၀ နီးပါး နေထိုင်ရာမှ လက်ရှိတွင် လူဦးရေ ရာဂဏန်းသာ ကျန်ရစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ရက်နေ့မှစ၍ ဖြစ်ပွားသည့် တိုက်ပွဲကြောင့် Non CDM ကျောင်းဆရာမတစ်ဦး စစ်ကောင်စီ၏ ကျည်ထိမှန်သေဆုံးပြီး အရပ်သား ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

လက်ရှိ ဖလမ်းမြို့ စစ်ရေးအခြေနေမှာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိကြောင်း သိရသည်။
#ချင်းပြည်နယ် #ဖလမ်းမြို့ #တိုက်ပွဲ #ဌာနဆိုင်ရာရုံးပိတ်ထား #Ayeyarwaddy_Times