ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၆ ရက်
တော်လှန်ရေးကာလအတွင်း မသမာသူများက ကရင်နီအမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNDF) တပ်ရင်း၊ တပ်ခွဲ၊ ဗျူဟာများ နှင့် တပ်ဖွဲ့ဝင်များ၏ ပုံရိပ်ကို အသုံးချ၍ အလှူငွေ လိမ်လည် ကောက်ခံခြင်းများရှိနေသည့်အတွက် ပြည်သူများအနေဖြင့် သထိထားကြရန် ယနေ့ နိုဝင်ဘာ ၆ ရက်နေ့တွင် KNDF က ထုတ်ပြန်သည်။
တော်လှန်ရေးကာလအတွင်း KNDF အနေဖြင့် ဗဟိုကော်မတီဝင်များမှ စ၍ ဌာန၊ ဗျူဟာ၊ တပ်ရင်း၊တပ်ဖွဲ့များ အဆင့်ဆင့်အလိုက် ငွေကြေးအလွဲသုံးစားမရှိစေရန် ဆောင်ရွက်ခဲ့သော်လည်း မသမာသူများမှ လိမ်လည်အလှူခံခြင်း၊ ဂုဏ်ပြုမှတ် တမ်းလွှာ အတုပြုလုပ်ပြီး အလှူငွေများရယူခြင်း စသည်တို့ကို ပြုလုပ်ကာ KNDF ၏ပုံရိပ်ကို ဖျက်ဆီးနေကြောင်းထုတ်ပြန်ထားသည်။
“KNDF တပ်ဖွဲ့တွေရဲ့နံမည်ကို အသုံးပြုပြီးတော့ လိမ်လည်တာမျိုးတွေရှိပါတယ်။ လိမ်လည်နေတဲ့သူတွေကိုတော့ မိရင်ထိရောက်တဲ့အရေးယူမှုတွေတော့ လုပ်ရမယ်။ လိမ်လည်တဲ့သူက အရပ်သားပြည်သူဖြစ်နေရင် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော့မှ တရားစီရင်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးအရေးယူသွားမှာ ဖြစ်ပါတယ်” ဟု KNDF ပြန်ကြားရေးတာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ လိမ်လည်နေသူများ များပြားလာသည့်အတွက် ပြည်သူများအနေဖြင့် ကူညီထောက်ပံ့မှုများ ပြုလုပ်သည့်အခါ သတိထားကြရန်နှင့်KNDF တပ်ဖွဲ့ဝင်တစ်ဦးဦး မှဖြစ်စေ၊ ၎င်း ပုံရိပ်ကို အသုံးပြု၍ဖြစ်စေ အလှူခံမှုများရှိလာပါကလည်း ချက်ခြင်းကူညီခြင်းမပြုပဲ တာဝန်ထမ်းဆောင်နေသည့် ဌာန၊ ဗျူဟာ၊ တပ်ရင်းအမည် နှင့် ကိုယ်ပိုင်အမှတ်အား တောင်းယူ၍ သက်ဆိုင်ရာ ဗဟိုကော်မတီဝင်များ၊ ဗဟိုဌာနမှူးများ ၊ဗျူဟာမှူးများ ၊တပ်ရင်းမှူးများထံ အတည်ပြုနိုင်ကြောင်းလည်း ထုတ်ပြန်ဖော်ပြထားသည်။
ထို့ပြင် မူမမှန်သည့် အလှူငွေကောက်ခံမှုများနှင့် KNDF နှင့်သက်ဆိုင်သည့် အလှူငွေေကာက်ခံခြင်း ကိစ္စရပ်များကို အတည်ပြုချက်များရယူလိုပါက KNDF ဗဟို၏ Facebook page တွင်သာမက သက်ဆိုင်ရာ ဗဟိုကော်မတီဝင်များ၊ စစ်ဦးစီး၊ စစ်ရေးချုပ်၊ စစ်ထောက်ချုပ်၊ ဗျူဟာမှူးများ၊ တပ်ရင်းမှူးများ ထံတိုက်ရိုက် အတည်ပြုမေးမြန်းနိုင်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ – KNDF
#KNDF #လိမ်လည်အလှူခံ #အရေးယူ #ငွေကြေး #မသမာသူ #Ayeyarwaddy_Times