ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၆ ရက်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ဘုံးဘောကျေးရွာလမ်းခွဲနှင့် မိုင်တိုင် ၁၁ ကြားတွင်ရှိသည့် စစ်ကောင်စီ၏ ကင်းစခန်းနှစ်ခုကို တော်လှန်ရေးတပ်ဖွဲ့ များ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အမ်း-ပဒါန်းကြားရှိ စစ်ကောင်စီဂိတ်နှစ်ခုကို ယမန်နေ့ နိုဝင်ဘာ ၅ ရက်နေ့ နံနက် ၁၁ နာရီ ၆ မိနစ်တွင် အရှိုချင်းကာကွယ် ရေးတပ် (ACDF) နှင့် ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်အရာရှိ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများ လည်းရှိကြောင်း ACDF က ထုတ်ပြန်သည်။

“အမ်း-ပဒါန်းကြား ဂုတ်ကြီးစခန်းတိုက်ခိုက်ခံရလို့ စစ်အရာရှိတစ်ဦးအပါအဝင် အနည်းဆုံး ရှစ် ယောက်လောက်ဒဏ်ရာရသွားတယ်။ သေတာတော့ ခြောက် ယောက်လောက်ရှိမယ်။ အရာရှိ တစ်ယောက်ဆို ပေါင်ကိုကျည်ဖောက်ထွက် ဒဏ်ရာရသွားတာ သွေးကြောထိသွားရင်တော့ သေနိုင် တယ်။ ဒဏ်ရာရအဖွဲ့တွေကို လမ်းဟောင်းဘက်ကနေ ကားတွေ‌နဲ့ ခိုးသယ်သွားတယ်။ ကြားဖြတ် အတိုက်ခံရမှာစိုးလို့နေမယ်” ဟု အမ်းရှိတပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များ စခန်းနှစ်ခုကို မိနစ် ၃၀ ခန့် ကြာမြင့်အောင် ဝင်ရောက်တိုက်ခိုက်ချိန်တွင် စစ် ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူများ ဆက်တိုက် ပစ်ခတ်ပေးမှုကြောင့် စခန်းကုန်းနှစ်ခုကို အပြီးသတ် သိမ်းယူနိုင်ခြင်းမရှိဘဲ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ ကြောင်း ACDF ကပြောသည်။

တိုက်ပွဲအတွင်း ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို အမ်းရှိနတ်ရေကန်လမ်းဟောင်းအတိုင်း ကား၊ ဆိုင်ကယ်တို့ဖြင့် စစ်ကောင်စီက သယ်ထုတ်သွားကြောင်း သိရပြီး ဒေသခံများအနေဖြင့် စစ်ရေးအခြေအနေကို စဉ်ဆက် မပြတ်စောင့်ကြည့်ပြီး စစ်ကောင်စီနှင့် နီးစပ်ရာနေရာများကို အသွားအလာလုပ်ခြင်းမှ ရှောင်ကြဉ်ကြရန် ACDF ကတိုက်တွန်းထားသည်။

ယခုဖြစ်ပွားသည့် တိုက်ပွဲဖော်ဆောင်မှုကို အရှိုချင်းကာကွယ်ရေးတပ် ACDF၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA Magway၊ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်နေ့ကလည်း အမ်းသို့စစ်ကူနှင့် ရိက္ခာပို့ပြီးပြန်လာသည့် စစ်ကောင်စီတပ်ကို ACDFနှင့် မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းတို့က အမ်း- ပဒါန်းကြား စပ်စီကျေးရွာအနီးတွင် စောင့်ကြိုတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် မကွေးနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ တပ်များကို အမ်းသို့စစ်ကူပို့ရန်အတွက် အမ်း-ပဒါန်းလမ်းကို အဓိကအသုံးပြုနေကြကြောင်း သိရသည်။

ဓာတ်ပုံ-PRA Magway
#မကွေး #အမ်းပဒါန်း #စစ်ကောင်စီ #ကင်းစခန်း၂ခု #တိုက်ခိုက်ခံရ #အရာရှိ၆ဦးသေဆုံး #ACDF #Ayeyarwaddy_Times