ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၄ ရက်
ဧရာတတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ကလကျေးရွာအုပ်စုတွင် ပြည်သူ့စစ်မှုထမ်းအကျုံးဝင်သည့် လူငယ်များကို စစ်ကောင်စီခန့် ရပ်ကျေး အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က အချိုးကျ ငွေတောင်းယူနေကြောင်း ဒေသခံများထံကသိရသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းရန် အကျုံးဝင်သူ အသက် ၁၈ နှစ်မှ အသက် ၃၅နှစ်အတွင်းရှိသည့် နေအိမ်တစ်အိမ်လျှင် တစ်ဦးရှိက တစ်သိန်းကျပ်နှင့် နှစ်ဦးရှိလျှင် တစ်သိန်းခွဲကျပ်အထိ တောင်းယူ သည်ဟု ဒေသခံများကပြောသည်။
”အခုလိုကာလမှာ ကျွန်တော်တို့တွေက လက်လုပ်လက်စားအများစုဆိုတော့ ဒီငွေတွေ မတတ်နိုင် ပါဘူး။ တချို့ရွာတွေက တစ်အိမ်မှာ လူငယ်ဘယ်လောက်ရှိရှိ ငါးသောင်းလောက်ပဲထည့်ရတယ်။ စစ်တပ်နဲ့ပတ်သက်တဲ့ အုပ်ကြီးတွေ၊ ရာအိမ်မှူးတွေ တော်တော်လေးကို ဆိုးပါတယ်” ဟု ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်း ငွေတောင်းယူနေသည့် ကလကျေးရွာအုပ်စုရှိ အုပ်ချူပ်ရေးအဖွဲ့များ ဝင်များမှာ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးအေးဟန်၊ ရပ်ကျေးစာရေး ဦးအောင်မြတ်၊ ရာအိမ်မှူး ဦးကိုမြင့်၊ ဦးမြင့်ဆွေတို့ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ဧရာဝတီတိုင်းရှိ စစ်ကောင်းစီခန့် အုပ်ချုပ်ရေးမှူး အများစုနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးအများစုမှာ ပြည်သူ့စစ်မှုထမ်းအကြောင်းပြ၍ ငွေတောင်းယူများပြုလုပ်ကာ စီးပွားဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။
အုပ်ချုပ်ရေးမှူး ဦးအေးဟန်မှာ ပြည်သူ့စစ်မှုထမ်းအကြုံး၀င်သည့် အသက် ၁၈နှစ်မှ အသက် ၃၅နှစ်အတွင်း သားတစ်ဦးရှိပြီး ၎င်း၏ သားဖြစ်သူကို ပြည်သူ့စစ်မှုထမ်းမပါစေရန် လက်ရှိတွင် ဘုန်းကြီးဝတ်ပေးထားကြောင်း ဒေသခံများက ဆိုသည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ၎င်းတို့၏ သားသမီးများကို အမှတ်စဥ် (၁) ၊ အမှတ်စဥ်(၂) အမှတ်စဥ် (၃) အမှတ်စဥ် (၄) အမှတ်စဥ် (၅) အမှတ်စဥ် (၆) တို့တွင် စစ်မှုထမ်းဆောင်ရန်ချန်လှပ်ထားပြီး ၎င်းတို့နှင့် ပြေလည်ခြင်းမရှိသူ၊ ငွေကြေး မပြည့်စုံသူ အများစုကိုသာ စစ်မှုထမ်းဆောင်ရန် စာရင်းများပေးသွင်းလေ့ရှိကြောင်း စုံစမ်းသိရှိရသည်။
စစ်ကောင်စီတပ်သည် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများကို သင်တန်ဆင်းလျှင် စစ်မတိုက်ခိုင်းဘဲ ဂိတ်စောင့်၊ နယ်မြေလုံခြုံရေးတာဝန်းများသာ ထမ်းဆောင်ခိုင်မည်ဟုပြောဆိုသော်လည်း အမှန်တကယ် တွင် တပ်အင်အားလိုနေသည့် ရှေ့တန်းသို့ ပို့ဆောင်လျှက်ရှိသောကြောင့် သင်တန်ဆင်း တပ်သား သစ်များ သေဆုံးမှုများကြောင်းသိရသည်။
#ဝါးခယ်မ #ပြည်သူ့စစ်မှုထမ်းအကြုံးဝင်သူလူငယ်များ #စစ်ကောင်စီခန့် #အုပ်ချုပ်ရေးမှူးနှင့် #အဖွဲ့ကငွေတောင်း #Ayeyarwaddy_Times