ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၅ ရက်

တရုတ်အစိုးရ၏ ဖိတ်ကြားချက်အရ ထိပ်သီးအစည်းအဝေးများ တက်ရောက်ရန် စစ်ရှုံးစစ်ခေါင်းဆောင်သည် စစ်ကောင်စီဝင်များအပါအဝင် တိုင်းသုံးတိုင်းက ဝန်ကြီးချုပ်များကို ခေါ်ဆောင်ကာ ယနေ့ (နိုဝင်ဘာ ၅ ရက်)၊ နံနက်ပိုင်းတွင် နေပြည်တော်မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) အထူးလေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ သွားရောက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါခရီးစဉ်သည် စစ်ခေါင်းဆောင်အတွက် အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်ဖြစ်ပြီး ၎င်းနှင့်အတူ စစ်ကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညို စော၊ ပြည်ထောင်စုဝန်ကြီးများ၊ တနင်္သာရီ၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့မှ ဝန်ကြီးချုပ်များအပါအဝင် စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ လိုက်ပါသွားသည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကျင်းပမည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေးနှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတို့ကို တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ တက်ရောက်ရန် တရုတ်ဝန်ကြီးချုပ် လီချန်က ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး စစ်ခေါင်းဆောင်အနေဖြင့် ထိပ်သီးအစည်းအဝေးများအပြင် တရုတ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်နိုင်ငံရှိ အထင်ကရ နေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများကို လေ့လာခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် စစ်ခေါင်းဆောင်နှင့်အတူ လိုက်ပါသွားသည့် စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီးများ၊ ဒု-ဝန်ကြီးများနှင့် တာဝန်ရှိသူများသည်လည်း သက်ဆိုင်ရာ ကဏ္ဍများအလိုက် အလုပ်သဘောဆိုင်ရာ တွေ့ ဆုံဆွေးနွေးခြင်း၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဟု ဆိုသည်။

လက်ရှိတွင် စစ်ခေါင်းဆောင်၏ တရုတ်ခရီုးစဉ်နှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ စောင့်ကြည့်လေ့လာသူများက အမျိုးမျိုးဝေဖန်သုံးသပ် ထောက်ပြလျက်ရှိသလို အမျိုးသားညီညွတ်ရေးအစိုးရ (​NUG)ကလည်း မြန်မာလူထု၏ အထင်အမြင်လွဲမှားမှု မဖြစ်ရလေအောင် တရုတ်အစိုးရအနေဖြင့် ပြန်လည်သုံးသပ်သင့်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

ဓာတ်ပုံ-စစ်ကောင်စီ
#စစ်ခေါင်းဆောင် #ဗိုလ်ချုပ်မှူးကြီး #မင်းအောင်လှိုင် #စစ်ကောင်စီ #ဝန်ကြီးချုပ်များ #တရုတ်သို့ခေါ်သွား #ကူမင်း #Ayeyarwaddy_Times