ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၅ ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က တစ်ပတ်အတွင်း နေအိမ် ၈၀၀ ခန့် မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူ ၁၀၀ ကျော်ကို ဖမ်းဆီးသွားကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာပျူစောထီးအထိုင်စခန်းမှ စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၁၅၀ ပါ စစ်ကြောင်းသည် အောက်တိုဘာ ၃၀ ရက်နေ့က ကျီစုရွာနှင့် ကျောက် တိုင်ကျေးရွာတို့ကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၇၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့ထံက သိရသည်။

“ကျီကုန်းရွာကို စစ်ကြောင်းဝင်လာပြီး လူသစ်စုတာ။ မရတော့ ရွာကိုမီးရှို့သွားတာ။ မီးပြာပုံထဲနေမလား၊ လူပေးမလားဆိုပြီး ခြိမ်းခြောက်ပြီး ‌ရွာထဲကလူတွေကို ဖမ်းသွားတယ်”ဟု ကျီကုန်းရွာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်နှင့် ဦးဝါသဝဦးဆောင်ဖွဲ့စည်းထားသည့် ပျူစောထီးအဖွဲ့များသည် ကျေးရွာနေပြည်သူများကို လူသစ်စုပေးရန် ပြောဆိုကာ မပေးနိုင်ပါက ရွာကို မီးရှို့မည်ဟုဆိုကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ယမန်နေ့ နိုဝင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းတွင် ကျီကုန်းရွာမှဒေသခံ ၃၆ ဦးနှင့် ဘူးကြီးရွာမှ ၅၂ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ထို့အပြင် အိုင်ပေါင်းချောင်ကျေးရွာမှ အမျိုးသား ၃၄ ဦးနှင့် အမျိုးသမီး သုံးဦးတို့ကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့ကလည်း ကာဘိုးတိုက်နယ် ဝက်တိုး(တ)ရွာကို စစ်ကြောင်းဝင်ရောက်လာပြီး မီးရှို့ ဖျက်ဆီးမှုများပြုလုပ်ခဲ့ရာ နေအိမ် ၁၀၀ ခန့် မီးလောင် ပျက်စီးခဲ့ပြီး ပြည်သူ ငါး ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများက ဆိုသည်။

လူသစ်စုဆောင်းရန်အတွက် ဖမ်းဆီးခံရသည့် ဒေသခံ ၁၂၅ ဦးတို့ကို ကန့်ဘလူမြို့ (၆၀၀၆) တင့်ကားတပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယခုထိပြန် လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံ များထံက သိရသည်။

ယင်းကျေးရွာများနှင့် အနီးနားရှိကျေးရွာများမှ ဒေသခံထောင်ချီသည် စစ်ကောင်စီ၏ စစ်ကြောင်းထိုး ဝင်ရောက် ဖမ်းဆီးမီးရှို့မှုများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့ထံက သိရသည်။

ပုံစာ -ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာအား စစ်ကောင်စီတပ်မီးရှို့နေစဉ်(ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့)

#စစ်ကိုင်း #ကန့်ဘလူ #စစ်ကောင်စီ #ပျူစောထီး #စစ်ကြောင်းထိုး #လူသစ်စုဆောင်း #မီးရှို့ဖျက်ဆီး #Ayeyarwaddy_Times