ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၅ ရက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပဲကတိုးကျေးရွာရှိ စစ်ကိုင်းတက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့် သေဆုံးသွားကြောင်း စစ်ကိုင်း PDF ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကိုင်းတက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသည့် အင်အား ၅၀ ကျော်ရှိ တပ်စွဲစခန်းကို ယမန်နေ့ နိုဝင်ဘာ ၄ ရက် နံနက် ၅ နာရီ ၁၅ မိနစ်ခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်စဥ် စစ်ကောင်စီသည် စစ်ကိုင်းတံတား စစ်ဆေးရေးဂိတ်မှ တပ်ဖွဲ့ဝင် ၁၀ ဦးကျော်ကို စစ်ကူတောင်းခံခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များသည် စစ်ကူလာသည့် စစ်ကူယာဉ်တန်းကိုလည်း စောင့်ကြို၍ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကားပက်လက်လန်သွားပြီး လိုက်ပါလာသည့် စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိကြောင်း ဒေသကာ ကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးထံက သိရသည်။

“တက္ကသိုလ်ဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်တိုက် ခိုက်ကြတာ ၂၀ နီးပါးလောက် သေတယ်။ တပ်မ ၃၃ က စစ်ယာဉ်တန်းနဲ့ စစ်ကူလာတာမှာ လမ်းကြောင်းပိတ်ဆို့ ဖြတ်တောက်ရေးတာဝန်ယူထားတဲ့ တပ်ဖွဲ့တွေက မိုင်းဆွဲလို့ ကားပါပက် လက်လန်သွား တယ်လို့သိရတယ်။ တက္ကသိုလ်ရှေ့ ဘုရာလေးဂိတ်က ဂျိုကြွနေတဲ့ အကောင်တွေကိုလည်း မိုင်းတစ်လုံးဖောက်သွားသေးတယ်။ သေဆုံးတာတော့ ၂၀ ကျော်ပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တက္ကသိုလ်အရှေ့ဘက် ဘုရားလေးနားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုလည်း ဗုံးဖြင့်တိုက် ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီသည် စစ်ကိုင်းကောင်းမှုတော်ဘုရားဘက်အထိ လမ်းပိတ်ဆို့လိုက်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်း PDF နှင့်အတူ လင်းယုန်ညီနောင်ပြောက်ကျားအဖွဲ့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ပြီး စစ်ဆင်ရေးဖော်ဆောင်ပြီးနောက် တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#စစ်ကိုင်းတက္ကသိုလ်ဝင်း #စစ်ကောင်စီ #တော်လှန်ရေးတပ်ဖွဲ့ #တိုက်ခိုက် #စစ်ကူ #မိုင်းဆွဲခံရ #Ayeyarwaddy_Time