ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၅ ရက်

ဧရာ၀တီတိုင်း ၊ ပုသိမ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ငွေတောင်းယူမှုပြုလုပ်ခဲ့သည့် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးအချို့ကို အောက်တိုဘာနောက်ဆုံးပါတ်အတွင်းက ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့နယ် မြင်းကကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်၊ မဏ္ဏပ်ကျေးရွာ ရာအိမ်မှူး ဦးမြင့်သိန်းနှင့် ကံကော်ကြောရွာ ရာအိမ်မှူး ဦးဝင်းဇော် တို့ သုံးဦးကို မြင်းကကွင်းနယ်မြေရဲစခန်းမှ ရဲများက လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“သူတို့က နံမည်ထွက်နေတာကြာပြီ။ ရွာသားတွေကို စစ်မှုမထမ်းခြင် ဘယ်လောက်ဆိုပြီး​သိန်းချီတောင်းတဲ့အပြင် စစ်မှုထမ်းပါတဲ့သူကိုထောက်ပံ့ရမယ်ဆိုပြီး ရွာမှာ ထပ်ကောက်တာတွေလုပ်နေတာ။ အမှန်ကတော့ သူတို့အထက်က မြို့နယ်အုပ်ချုပ်ရေးတွေနဲ့စစ်မှုထမ်းခေါ်တဲ့အဖွဲ့တွေနဲ့ ပေါင်းစားနေကြတာပါ။ ခုကဘာမကျေမလည်ဖြစ်လို့ ဖမ်းတာလဲတောမသိဘူး”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အဆိုပါဖမ်းဆီးထားသူများကို မြင်းကကွင်း နယ်မြေရဲစခန်းတွင်ထားရှိပြီး လစ်လပ်သွားသော ကျေးရွာအုပ်ချုပ်ရေးမှုး ၏ နေရာကို ကျေးရွာကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူးမှ ယာယီ တာ၀န်ယူနေကြောင်းသိရှိရသည်။

ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်များတွင် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ကို အသုံးပြုပြီး စိတ်ထင်သလိုလုပ်ဆောင်နေကြသော်လည်း တိုင်ကြားပါက စစ်မှုထမ်းရမည်ဟု ခြိမ်းခြောက်သောကြောင့် တိုင်ကြားခြင်းမပြုသူများကြောင်း ဒေသခံများထံမှ သိရှိရသည်။

#ပုသိမ်မြို့နယ် #စစ်မှုထမ်းဥပဒေ #ငွေတောင်းယူ #အုပ်ချုပ်ရေးမှူး #ရာအိမ်မှူး #ဖမ်းဆီးခံရ
#Ayeyarwaddy_Times