နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၅ ရက်

တရုတ်အစိုးရ၏ ဖိတ်ကြားချက်အရ ပထမဆုံးအကြိမ် သွားရောက်သည့် အာဏာသိမ်း စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်အပါ် စိုးရိမ်သော်လည်း ဒေသတွင်းဆိုင်ရာ ဖိုရမ်တစ်ခုကိုသာ တက်ရောက်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံက သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးများ တက်ရောက်ရန်နှင့် တရုတ်အစိုးရ တာဝန်ရှိသူများအား တွေ့ဆုံဆွေးနွေးရန် ယနေ့ (နိုဝင်ဘာ ၅ ရက်) နံနက်ပိုင်းက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါခရီးစဉ်နှင့် ပတ်သက်၍ ကြိုတင်သိရှိရသလို တရုတ်အစိုးရထံ လိပ်မူ၍ ပြန်လည်
စဉ်းစား သုံးသပ်ရန် မေတ္တာရပ်ခံစာ ပေးပို့ခဲ့ပြီး ထိုသို့ ဖိတ်ကြားမှုသည် စစ်ကောင်စီအား မျက်နှာမူသော ဆက်ဆံရေးမျိုး ဖြစ်နေခြင်းကြောင့် နှစ်နိုင်ငံအကြား အဖုအထစ် ဖြစ်သွားမည်ကို စိုးရိမ်မှုရှိကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

“ကျွန်မတို့ နောက်ပိုင်း သိရသလောက် ဒါဟာ နိုင်ငံတော်အဆင့် ခရီးစဉ်မဟုတ်ဘဲ၊ ပြည်နယ်တစ်ခုမှာလုပ်တဲ့ ဒေသတွင်းဆိုင်ရာ ဖိုရမ်တစ်ခုကိုပဲ တက်ရောက်တာ ဖြစ်တယ်” ဟု ၎င်းက ယနေ့ပြုလုပ်သည့် NUG နှင့် K2C ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုသည်။

စစ်ခေါင်းဆောင်သည် ထိုတရုတ်ခရီးစဉ်အတွင်း မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေးနှင့် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတို့ကို တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ တက်ရောက်ရန် တရုတ်ဝန်ကြီးချုပ် လီချန်က ဖိတ်ကြားခြင်းဖြစ်ပြီး ၎င်းအနေဖြင့် ထိပ်သီးအစည်းအဝေးများအပြင် တရုတ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ အထင်ကရ နေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများကို လေ့လာသွားမည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်ခေါင်းဆောင်သည် တရုတ်နိုင်ငံသို့ ရောက်ရှိနေပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းထုတ်
ပြန်ထားသည်။ စစ်ခေါင်းဆောင်နှင့် အပေါင်းအပါများ နေပြည်တော်မှ ထွက်ခွါပြီးနောက် နာရီပိုင်းအတွင်း အေလာလေဆိပ်ကို အသေခံ ဒရုန်းနှစ်စင်းဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

#စစ်ခေါင်းဆောင် #တရုတ်ခရီးစဉ် #စိုးရိမ် #ဒေသတွင်းဖိုရ မ် #NUG #Ayeyarwaddy_Times