ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၅ ရက်

ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်နှင့် ကျုံပျော်မြို့နယ်များတွင် အောက်တိုဘာလက စတင်ပြီး ညစဥ်တိုင်း နေအိမ်များနှင့်ခြံ၀န်းများကို ၀င်ရောက်၍ ဆိုင်ကယ်ခိုးယူမှုများ ပိုမိုများပြားလာကြောင်း မြို့ခံများကပြောသည်။

အောက်တိုဘာလက စတင်ကာ ရပ်ကွက်တွင်း နေအိမ်များရှေ့တွင် သော့ခတ်ရပ်ထားသည့် ဆိုင်ကယ်များအပြင်၊ နေအိမ်များအတွင်းမှ ဆိုင်ကယ်များကိုပါ ဝင်ရောက်ခိုးယူမှုဖြစ်ပွါးခဲ့သည့်အပြင် မြို့တက်၍ စျေးဝယ်သူအချို့မှာလည်း ဆိုင်ကယ်များ မကြာခဏဆိုသလို ပျောက်ဆုံးနေကြောင်း ဒေသခံများကပြောသည်။

“သူခိုးတွေက အခုနေရာတိုင်းမှာ အချိတ်ဆက်တွေ နယ်တိုင်းမှာထားကြတယ်။ ခိုးတဲ့သတင်း နေရာအချို့မှာ ပြန့်နေရင် သတင်းမထွက်တဲ့ တစ်ခြားနေရာက ဆိုင်ကယ်ကို လှည့်ခိုးတယ်။ ဟိုရက်ကလဲ အသိနှစ်ယောက်ဆိုင်ကယ် အခိုးခံလိုက်ရတယ်။ နေ့ဘက်ရောညဘက်ရော ဆိုင်ကယ်တွေသော့ခတ်လဲစိတ်မချရဘူး”ဟု ရေကြည်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အဆိုပါ ဆိုင်ကယ်ပျောက်ဆုံးမှုများနှင့် ပတ်သက်၍ ဆိုင်ကယ်ပိုင်ရှင်များက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲထံ အမှုဖွင့်တိုင်ကြားခဲ့သော် ယနေ့အချိန် ထိ ဖမ်းဆီမှုပြုလုပ်နိုင်ခြင်းမရှိသေးကြော​င်း ဒေသခံအချို့ကဆိုသည်။

ထို့ပြင် ရေကြည်မြို့နယ်နှင့် ကျုံပျော်မြို့နယ်များအပြင် ဧရာဝတီတိုင်းအတွင်းရှိ ကျန်မြို့နယ်များ၌လည်း အလားတူ ဆိုင်ကယ် ခိုယူခံရမှုများ မကြာခဏ ဖြစ်ပွါးလျှက်ရှိကြောင်း သိရသည်။

#ရေကြည် #ကျုံပျော် #ဆိုင်ကယ်ခိုးယူခံရ #ပျောက်ဆုံးမှု #ပိုမိုများပြားလာ #Ayeyarwaddy_Times