
ဧရာဝတီတိုင်းမ်
(ဖာပွန်)၊ နိုဝင်ဘာ ၅ ရက်
ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ-၅ ဖာပွန်ခရိုင်အတွင်း ပြီးခဲ့သည့် အောက်တိုဘာ တစ်လတာအတွင်း စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၉ ဦးသေဆုံးခဲ့ပြီး ၃၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တပ်မဟာ-၅ နယ်မြေအတွင်း အောက်တိုဘာတလတာ၌ စစ်ကောင်စီတပ်နှင့် ထိတွေ့မှုပေါင်း ၁၃၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူး နှင့် တပ်ခွဲမှူး တို့မှာလည်း ထိခိုက်ဒဏ်ရာ ရသူများအထဲ ပါဝင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှ စစ်ကောင်စီ၏ စစ်ဘက်ဆိုင်ရာအဆောက်အဦ ၁၉ လုံးကို ဖျက်ဆီးနိုင်ခဲ့ကာ စစ်မော်တော်ယာဥ်တစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း KNU ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း ဗုံးအလုံးပေါင်း ၃၆၉ လုံးအထိ ကြဲချခဲ့ကာ လက်နက်ကြီးပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများကြောင့် ဒေသခံ သုံးဦးသေဆုံးခဲ့ပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် လူနေအိမ်များ၊ ဘုရားကျောင်း၊ စာသင်ကျောင်း၊ မူကြိုကျောင်းတစ်ကျောင်း၊ မူလတန်းကျောင်းတစ်ကျောင်းနှင့် ကျောင်းဘော်ဒါဆောင် တစ်ဆောင်တို့မှာလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
ဖာပွန်မြို့နယ်အတွင်း ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့သည့် ခေါပုတ်စခန်းသိမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းအများအပြားရရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံးကာ ထွက်ပြေးသွားသည့်စစ်ကောင်စီတပ်သားများကို လိုက်လံဖမ်းဆီးရာတွင်လည်း ၁၇ ဦးအရှင် ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
ဓာတ်ပုံ – KNU-Mutraw News
#ဖာပွန်ခရိုင် #အောက်တိုဘာ #စစ်ကောင်စီ #သေဆုံး #တိုက်ပွဲ #စခန်းသိမ်း #Ayeyarwaddy_Times