ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၅ ရက်

အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများအတွင်း သေဆုံးခဲ့ရသည့် အမျိုးသမီး အရေအတွက်မှာ ပြီးခဲ့သည့် အောက်တိုဘာ တစ်လတာ အတွင်း ၇၁ ဦးအထိ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများမှာလည်း ၄၄ ဦးအထိရှိခဲ့ကြောင်း မြန်မာအမျိုးသမီးသမဂ္ဂ (BWU)၏ ထုတ်ပြန်ချက်အရ သိရသည်။

သေဆုံးခဲ့ရသည့် အမျိုးသမီးအများစုမှာ အဓိကအားဖြင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခြင်းကြောင့် သေဆုံးခဲ့ရပြီး အရေအတွက် ၄၅ ဦး အထိရှိကာ အကြောင်းမဲ့သတ်ဖြတ်ခြင်းကြောင့်လည်း ၁၀ ဦးအထိ သေဆုံးခဲ့ရကြောင်း သိရသည်။

ထို့ပြင် ပဋိပက္ခနှင့် ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့်လည်း အမျိုးသမီး လေး ဦးအထိ သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ငါး ဦးအထိရှိခဲ့ကြောင်း သိရသည်။

“အမျိုးသမီးတွေနဲ့ တခြားသောဂျဲန်ဒါအစုအဖွဲ့ကသူတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်မှု တွေ၊ ပြည်သူတွေအသတ်ခံရတာတွေအပါအ၀င် တခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် အကြမ်းဖက်စစ်အုပ်စုအနေနဲ့ တစ်နေ့တစ်ချိန်မှာ သူတို့ကျူးလွန်ခဲ့တဲ့ အမှုတွေအတွက် ပြန်ပြီးတော့ တာ၀န်ယူတာ၀န်ခံရမှာဖြစ်သလို နိုင်ငံတကာလူ့အခွင့်အရေးစံချိန်နူန်းထားနဲ့ ဥပဒေတွေအရ အပြစ်ဒဏ် ကိုလည်း ခံကြရမှာဖြစ်တယ်” ဟု မြန်မာအမျိုးသမီးသမဂ္ဂ(BWU) အထွေထွေ အတွင်းရေးမှူး နော်ခင်စန်းထွေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒဏ်ရာရသူအမျိုးသမီးများမှာ ၄၄ ဦးအထိရှိခဲ့ပြီး မီးရှို့ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရခြင်း၊ လက်နက်ကြီး၊ ဒရုန်းဖြင့်တိုက်ခိုက်ခံရခြင်း၊ အကြောင်းမဲ့သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းများကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ မတရားသတ်ဖြတ်မှုများကြောင့် စစ်ကိုင်းတိုင်းမှ အမျိုးသမီး အရေအတွက် ၂၅ ဦး သေဆုံးခဲ့ရပြီး အများဆုံးဖြစ်ကာ ရခိုင်ပြည်နယ်မှ ၂၂ ဦး အထိသေဆုံးခဲ့ပြီး ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း နှင့် ကရင်နီပြည်နယ် များမှ လွဲ၍ ကျန် တိုင်းနှင့်ပြည်နယ် အသီးသီးတွင် စစ်အုပ်စု၏လက်ချက်ကြောင့် အမျိုးသမီး သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာလအတွင်း စစ်ကောင်စီ၏ မတရားအကြောင်းမဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် အမျိုးသမီး အရေအတွက် ၁၂ ဦးအထိရှိကြောင်းကိုလည်း BWU ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ စစ်ကောင်စီ၏ လုပ်ရပ်များအပေါ် အပြစ်ပေးအရေးယူနိုင်ရန်အတွက် BWU အပါအဝင် အခြား အမျိုးသမီးအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအခြေပြုအဖွဲ့အစည်းများနှင့် တရားမျှတမှုဖော်ဆောင်ရေး အစုအဖွဲ့များက ကြိုတင်ပြင်ဆင်မှုများ၊ မှတ်တမ်းကောက်ယူမှုများကို စနစ်တကျ လုပ်ဆောင်နေ ကြောင်းသိရသည်။

” စစ်ကောင်စီကို အပြစ်ပေးအရေးယူနိုင်ဖို့အတွက်ကို ကျွန်မတို့ မြန်မာ့အမျိုးသမီးသမဂ္ဂအပါအ၀င် တခြား အမျိုးသမီးအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအခြေပြုအဖွဲ့အစည်းတွေနဲ့ တရားမျှတမှု ဖော်ဆောင်ရေး အစုအဖွဲ့တွေက လိုအပ်တာတွေကို ခုကာလကတည်းက ကြိုတင်ပြင်ဆင်မှုတွေ၊ မှတ်တမ်းကောက်ယူမှုတွေကို စနစ်တကျ လုပ်ဆောင်နေတာမျိုးရှိသလို ဆက်လက်ပြီးတော့လည်း လုပ်ဆောင်သွားဖို့ရှိတယ်” ဟု နော်ခင်စန်းထွေးက ဆိုသည်။

စစ်ကောင်စီမှ အာဏာသိမ်းပြီး သုံး နှစ် ကျော်ကြာ ကာလအတွင်း နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွင် သေဆုံးခဲ့ရသည့် အတည်ပြုထားနိုင်သည့် အရပ်သား ၅၉၂၈ ဦး ရှိခဲ့ပြီး အမျိုးသမီးအရေအတွက်မှာ ၁၂၆၄ ဦးအထိရှိကြောင်းလည်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ယနေ့ နိုဝင်ဘာ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်(ပုံဟောင်း)

#အမျိုးသမီးကဏ္ဍ #စစ်ကောင်စီ #အောက်တိုဘာ #အမျိုးသမီးသတ်ဖြတ်ခံရ #Ayeyarwaddy_Times

(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင် နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက် ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)