ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၅ ရက်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အပေါင်းအပါများ တရုတ်နိုင်ငံသို့ ထွက်ခွာပြီး နာရီပိုင်းအတွင်း နေပြည်တော်ရှိ အေလာလေဆိပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့ထံက သိရသည်။
ယနေ့ နိုဝင်ဘာ ၅ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် အေလာလေဆိပ်ကို အသေခံဒရုန်းနှစ်စင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
“စစ်ခေါင်းဆောင်ရဲ့ လေယာဉ်တက်ပြီး နာရီပိုင်းကြာပြီးတဲ့နောက်မှာ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရတာ။ ကားပါကင်ကို ကျပြီး ပေါက်ကွဲတာပါ။ နောက်ထပ်ပစ်ချတဲ့ ဒရုန်းတွေလည်း ရှိပါတယ်” ဟု ဧရာဝတီတိုင်း၏ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဒရုန်းတွင် PVC ပိုက်အမာနှင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်းများတပ်ဆင်ထားပြီး အဆိုပါတိုက်ခိုက်ခံရမှုကြောင့် လေဆိပ်အနီး လုံခြုံရေးတင်းကြပ်ကာ ရှာဖွေမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းတွင် စစ်ခေါင်းဆောင်သည် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်း အဝေးတက်ရောက်ရန် စစ်ကောင်စီခန့်ဝန်ကြီးများနှင့်အတူ တရုတ်
နိုင်ငံ ကူမင်းမြို့သို့ နေပြည်တော်မှ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI)အထူးလေယာဉ်ဖြင့် ထွက်ခွါသွားခဲ့ခြင်းဖြစ်သည်။
ယခုတိုက်ခိုက်မှုနှင့် ပတ်သက်၍ တော်လှန်ရေးအင်အားစုများဘက်မှ သတင်းထုတ်ပြန်ခြင်းမရှိသေးပဲ ယခင်ကလည်း နေပြည်တော်
လေဆိပ်ကို တော်လှန်ရေးအင်အားစုများက
ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ဖူးသည်။
#စစ်ခေါင်းဆောင် #ဗိုလ်ချုပ်မှူးကြီး #မင်းအောင်လှိုင် #တရုတ်နိုင်ငံ #ကူမင်း #နေပြည်တော် #လေဆိပ် #အေလာ #ဒရုန်း #တိုက်ခိုက်ခံရ #Ayeyarwaddy_Times