
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၄ ရက်
စစ်ကောင်စီကလက်လွှတ် ဆုံးရှုံးလိုက်ရသော တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် မြို့များတွင် ကုန်စည်တင်သွင်းမှုကို တရုတ်အစိုးရပိတ်ပင်ထားပြီး စစ်ကောင်စီက ကုန်စည်များကို ကန့်သက်ထားသည့်အပြင် ဖမ်းဆီးမှုများပါ လုပ်ဆောင်နေကြောင်း သိရသည်။
ထို့အပြင် လေကြောင်းတိုက်ခိုက်ခဲ့မှုပါ လုပ်ဆောင်နေသောကြောင့် ယင်းဒေသများရှိ အရပ်သား ၁၂၀ ကျော် ထိခိုက်သေဆုံးခဲ့ကြောင်း TNLA နှင့် တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ (TPCC) ထံက သိရသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က သိမ်းပိုက်ထိန်းချုပ်ထားသော နောင်ချို၊ ကွတ်ခိုင်၊ နမ့်ဆန်နှင့် သီပေါမြို့နယ်များတွင် ပြီးခဲ့သည့် အောက်တိုဘာအတွင်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၃၄ ဦး သေဆုံး၍ ၈၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အတူ စစ်ကောင်စီနှင့် တရုတ်အစိုးရတို့က အဓိကကျသော ကုန်စည်တင်သွင်းမှုများကို ပိတ်ပင် ထားသည်မှာ တစ်လခန့်ရှိပြီဖြစ်ပြီး လက်ရှိတွင် ကုန်ဈေးနှုန်းများ အဆမတန် မြင့်မားလျက်ရှိကာ အရပ်သား ပြည်သူများအတွက် ဆန်၊ ဆီ၊ ဆေးဝါး၊ စားသောက်ကုန်များ လိုအပ်နေသည့်အပြင် စစ်ကောင်စီ၏ လေကြောင်းရန်ကိုလည်း ထိတ်လန့်နေရကြောင်း TPCC ထံက သိရသည်။
“အဓိက ကုန်စည်တင်သွင်းမှုတွေ ပိတ်ပင်ခံရတယ်။ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်မားနေတယ်။ လိုအပ်ချက်တွေက ဆန်၊ ဆီ၊ ဆေးတွေ၊ စားသောက်ကုန်တွေ ဝင်နိုင်အောင် လမ်းကြောင်းတွေ ဖွင့်ပေး စေချင်တယ်” ဟု TPCC အတွင်းရေးမှူး မိုင်းနိုင်ဂေါင်ဂျားက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ တိုက်ခိုက်မှုများကြောင့် နောင်ချိုမြို့တွင် အရပ်သား အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၄ ဦး သေဆုံးပြီး အရပ်သား အမျိုးသား ၃၇ ဦး၊ အမျိုးသမီး ၃၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် နေအိမ် ၅၅ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
ယင်းအပြင် စစ်ကောင်စီက ကွတ်ခိုင်မြို့တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါင် ၅၀၀ ဗုံး အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ခြောက် လုံး မီး လောင်ပျက်စီးသွားကြောင်း သိရသည်။
“နိုင်ငံတကာအနေနဲ့ လေယာဉ်ဆီ၊ လက်နက်ခဲယမ်းတွေ မတင်သွင်းနိုင်အောင် ပိတ်ပင်ပြီး ဒီလိုအပြစ်မဲ့ ပြည်သူတွေ အဓိကပစ်မှတ်ထား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို အရေးယူပေးဖို့ တောင်း ဆိုချင်ပါတယ်” ဟု TPCC အတွင်းရေးမှူး မိုင်းနိုင်ဂေါင်ဂျားက ဆိုသည်။
အလားတူ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နမ့်ဆန်မြို့ကိုလည်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား အမျိုးသား ငါး ဦး၊ အမျိုးသမီး တစ်ဦး သေဆုံးပြီး အမျိုးသား လေး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် နေအိမ် ရှစ် လုံး၊ ဘုန်းကြီးကျောင်း နှစ် ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် သီပေါမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား အမျိုးသမီး တစ်ဦး၊ အမျိုးသား နှစ်ဦး သေဆုံးပြီး အမျိုးသား ခြောက် ဦး၊ အမျိုးသမီး သုံးဦးနှင့် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၃၂ လုံး ပျက်စီးသွားကြောင်း TNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ-TNLA
#TNLAထိန်းချုပ်မြို့များ #တရုတ်နှင့်စစ်ကောင်စီ #ကုန်စည်တင်သွင်းမှုပိတ်ပင် #လေကြောင်း #လက်နက်ကြီးတိုက်ခိုက်မှု #အရပ်သား၁၂၀ကျော် #ထိခိုက်သေဆုံး #Ayeyarwaddy_Times