
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပြားသားကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲချခဲ့၍ စစ်ရှောင်လေးဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။
ယမန်နေ့ နိုဝင်ဘာ ၂ရက်နေ့ ည ၇နာရီ ၁၃မိနစ်ခန့်မှစ၍ စစ်ကောင်စီက လေကြောင်းမှ ဗုံးနှစ်ကြိမ် လာရောက်ကြဲချခဲ့ရာ စစ်ရှောင်များခိုလှုံနေသည့် ဘုန်းတော်ကြီးကျောင်း ဗုံးထိမှန်ပြီး စစ်ရှောင်လေးဦးသေဆုံးကာ သက်တော် ၇၂ နှစ်ရှိ ဆရာတော်အပါအဝင် နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
မောင်တော အမှတ် ၁ရပ်ကွက်မှ စစ်ရှောင်လာသည့် ဒေါ်မစောရီ(ခ) ဒေါ်မစိန်ဘု (၆၄) နှစ်၊ ဦးရွှေကျော်(ခ) ဦးညီချေ(၅၇) နှစ်၊ မောင်ထွန်းထွန်းဝင်း(၁၇) နှစ်၊ အမှတ်၃ရပ်ကွက်မှ ဦးမောင်သန်း(၆၄)နှစ်တို့ သေဆုံးခဲ့ကြောင်းသိရသည်။
သက်တော် ၇၂နစ်အရွယ် အရှင်တေဇောဘာသနှင့် ဦးထွန်းထွန်းနိုင်တို့မှာ ပြင်းထန်ဒဏ်ရာ များရရှိခဲ့ကြောင်း သိရသည်။
“ဗုံးက နှစ်ကြိမ်လာကြဲတာမှာ လေးနေရာလောက်ကို ကျကွဲတယ်။ နောက်ဆုံးအခေါက်ကြဲတာမှာ ပြားသားဘုန်းကြီးကျောင်းကို ထိပြီး လူထိခိုက်ကုန်တာ။ ဗုံးလာကြဲတာ နေ့စဉ်နီးပါးပဲ” ဟု မောင်တောဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့ နခခ ၅မြို့သူကြီးတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက အောက်တိုဘာ ၂၈ရက်မှစကာ နေ့စဉ်နီးပါး ဂျက်ဖိုက်နှင့် Y12 တို့ဖြင့် ဗုံးကြဲ ချတိုက်ခိုက်ခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁ရက်နေ့နှင့် ယမန်နေ့ နိုဝင်ဘာ ၂ရက်နေ့တို့တွင်လည်း မောင်တော ၃မိုင်၊ ၄မိုင်နှင့် ဆင်နှစ်ကောင်ဘုန်းတော်ကြီးကျောင်း အနီးတဝိုက်ကို စစ်ကောင်စီက ပေါင် ၅၀၀ဗုံးများ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
#မောင်တော #စစ်ကောင်စီ #ဗုံးကြဲ #စစ်ရှောင် #၄ဦးသေဆုံး #Ayeyarwaddy_Times