
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃ ရက်
ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းရွာကို ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို တောင်ပိုင်းတိုင်းစစ်ဒေသတော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းရွာထိပ် ကျွန်းဘုန်းကြီး ကျောင်းတွင် တပ်စွဲရန်ဝင် ရောက်လာသည့် စစ်ကောင်စီတပ်ကို ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာများဖြင့် ပစ်ကူတိုက်ခိုက်မှုများရှိခဲ့သော်လည်း တော် လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးကာ ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန်ထားသည်။
တပ်စွဲရန်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ P2-7803 ရိုးမ (၁) စစ်ကြောင်း၊ အထူးကွန်မန်ဒိုတပ်ရင်း P2-9914 ရိုးမ (၂) စစ်ကြောင်းနှင့် ဖြူးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ လှုပ်ရှားစစ်ကြောင်းသည် ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောက်ကြီးမြို့နယ်၊ ရွာသာယာကျေးရွာမှ တစ်နှစ်အရွယ် ကလေးငယ်သေဆုံးကာ နေအိမ်နှင့် ခရစ်ယာန်ဘုရားကျောင်း ပျက်စီးခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။
ထို့အပြင် ကျောက်ကြီး၊ လယ်ဒိုမြို့နယ်အပါအဝင် ညောင်လေးပင်ခရိုင်(ခလယ်လွီထူးခရိုင်)အတွင်း စစ်ကောင်စီက ပြည်သူလူထုအား ပစ်မှတ်ထား၍ တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူထိခိုက်သေဆုံး မှုအခြေအနေများကို ယမန်နေ့ နိုဝင်ဘာ ၂ ရက်နေ့က အသိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ-တောင်ပိုင်းတိုင်းစစ်ဒေသ (ပုံဟောင်း)
#ပဲခူးအရှေ့ခြမ်း #ကျောက်ကြီး #ရွာကြီးအင်းရွာ #စစ်ကောင်စီ #စစ်ကြောင်း #တော်လှန်ရေးပူးပေါင်းတပ် #တိုက်ခိုက် #၁၀ဦးသေဆုံး #Ayeyarwaddy_Times