ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃ ရက်
ရှမ်းမြောက်၊ နောင်ချိုမြို့နယ် ဘူတာရပ်ကွက် (၅) ကတ္တီပင်ဘုန်းကြီးကျောင်းအနီးတွင် ယမန်နေ့ နိုဝင်ဘာ ၂ ရက် ည ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးနှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက ပြည်သူများကို ဦးတည်ပြီး ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူနေအိမ် ခုနစ်လုံးထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်ထားသည်။
ထို့အပြင် ည ၉ ခန့်တွင်လည်း စစ်ကောင်စီတပ်စွဲထားသည့် ဒုဌဝတီမြစ်တဖက်ကမ်းမှနေ၍ နောင်ချိုမြို့အား လက်နက်ကြီးများဖြင့် အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာနှင့် သကြားစက်ရုံတို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့ နံနက်အစောပိုင်း ၄ နာရီ ၁၃ မိနစ်တွင် တစ်ကြိမ်၊ ၄ နာရီ ၁၆ မိနစ်တွင် တစ်ကြိမ်၊ ၄ နာရီ ၂၄ မိနစ်တွင် တစ်ကြိမ် ဂျက်ဖိုက်တာဖြင့် ဗုံး ၆ လုံးလာရောက် ကြဲချတိုက်ခိုက်ခဲ့သည်။
ယင်းသို့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးမိခင်အပါ အဝင် ၃ ဦးသေဆုံးပြီး ပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရ ရှိခဲ့ကြောင်း TNLA က နိုဝင်ဘာ ၂ ရက်နေ့က ထုတ်ပြန်ထားသည်။
ပုံစာ- နောင်ချိုမြို့ ဘူတာရပ်ကွက် ၅ ရှိနေအိမ်များ ပေါင် ၅၀၀ ဗုံးထိမှန်ပျက်စီး
#ရှမ်းမြောက် #နောင်ချို #စစ်ကောင်စီ #ပေါင်၅၀၀ဗုံးကြဲ #အရပ်သားပြည်သူ #ထိခိုက်သေဆုံး #Ayeyarwaddy_Times