
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃ရက်
မြန်မာ-တရုတ်နယ်စပ်၊ ကချင်ပြည်နယ်၊ ဖီမော်မြို့နှင့် နယ်စပ်ဂိတ် တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သိမ်းပိုက်လိုက်ကြောင်း သိရသည်။
KIA တပ်ဖွဲ့များသည် ယမန်နေ့ နိုဝင်ဘာ ၂ရက်နေ့ ညနေပိုင်းတွင် ဖီမော်မြို့အတွင်းဝင်ရောက်လာပြီး မြို့ကို သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“၃၁ရက်နေ့က ဖီမော်မှာရှိတဲ့ နယ်ခြားစောင့်တပ် ၁၀၀၁ ဌာနချုပ်ကိုသိမ်းပြီး KIA က ဆက်ဝင်လာတာ။ မနေ့ကညပိုင်းမှာ မြို့ထဲဝင်လာတယ်။ စစ်ကောင်စီတင်ထားတဲ့ အလံတွေချပြီး မြို့ကို သိမ်းလိုက်တယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖီမော်မြို့တစ်လျှောက်တွင် ရှိနေသော BP 16 နယ်စပ်ဂိတ် နှင့် ဒုတပ်ရင်းမှူးဗိုလ်မှူး ရှင်းသန်အောင်ဦးစီးသည့် BP 7(2)ဂိတ် တပ်စခန်းကို ယမန်နေ့ နိုဝင်ဘာ ၂ ရက်နေ့ နံနက် ပိုင်းတွင် KIA က သိမ်းပိုက်ခဲ့ပြီး ဒုတပ်ရင်းမှူး ဗိုလ်မှူး ရှင်းသန့်အောင်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁ရက်နေ့ကလည်း ရတလ ၂၉၈မှ ဗိုလ်ကြီး ကိုကိုအောင်ဦးစီးသည့် လဂွေစာသင်ကျောင်းကုန်းစခန်းကိုလည်း KIAက သိမ်းယူ ရရှိခဲ့သည်။
KIA သည် ဦးဇခုန်တိန့်ယိန်းဦးဆောင်သည့် ကချင်အထူးဒေသ(၁)တွင်ရှိသော ချီဖွေမြို့အရှေ့ဘက်ဂမ်ခွန်းကျေးရွာ၊ ဖီမော်အနီးတပ်ရင်း ၁၀၀၁၊ ပန်ဝါဒေသ၊ လုပီကျေးရွာအနီး တပ်ရင်း ၁၀၀၂၊ ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီအနီး ဝေါ်ချုံးဒေသရှိ တပ်ရင်း ၁၀၀၃တို့ကို အောက်တိုဘာ အတွင်းတွင်ပင် သိမ်းယူရရှိခဲ့သည်။
KIA သည် ပြီးခဲ့သည် စက်တင်ဘာ ၂၉ရက်နေ့က ချီဖွေမြို့၊ စက်တင်ဘာ ၃၀ ရက်နေ့က ဆော့လော်မြို့၊ အောက်တိုဘာ ၁၈ရက်နေ့က ပန်ဝါမြို့နှင့် ယမန်နေ့ နိုဝင်ဘာ ၂ရက်နေ့တို့တွင် ဖီမော်မြို့ကို ထိန်းချုပ်ထားနိုင်ခဲ့သည်။
#ကချင် #ဖီမော် #နယ်စပ်ဂိတ်စခန်း #KIA #သိမ်းပိုက် #Ayeyarwaddy_Times