ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃ရက်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)၏ ကာကင်းများအထိ အာရက္ခတပ်တော် (AA) က ထိုးဖောက်တိုက်စစ်ဆင်တိုက်ခိုက် နေကြောင်းသိရသည်။

AA သည် ယမန်နေ့ နိုဝင်ဘာ ၂ရက်နေ့က စစ်ကောင်စီ၏ အမ်းချောင်းအရှေ့ဘက်ကမ်းရှိ BEတပ်ရင်း၊ သရက်ပင်တပ်စခန်း၊ နတလဂိတ်တို့ကို ထပ်မံသိမ်းပိုက်လိုက်ကြောင်း သိရသည်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာနေရာနှင့် နပခအနီးကို Y12လေယာဉ်နှင့် ဒရုန်းများသုံး၍ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်လွှတ်လိုက်သည့်တပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့များစုပေါင်း၍ ခုခံ ပစ်ခတ်သည့်အတွက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

“အင်ဂျင်နီယာတပ်က ထွက်ပြေးတဲ့သူတွေနဲ့ သရက်ပင်ဂိတ်ကစစ်သားတွေစုပြီး ပဲပဒုံ ဂိတ်စခန်းကနေ ခံပစ်တာ တိုက်ပွဲ ပြင်းထန်ခဲ့တယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

AA သည် ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်က စတင်ကာ တိုက်စစ်အင်အားကို အရှိန်မြှင့် လိုက်ပြီးနောက် နပခအနီးရှိ ကမ်းဒိတ်တောင်၊ ခမရ ၃၇၂၊ ခမရ ၃၇၃၊ ဆေးတပ်၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်၊ စစ်ဆေးရုံ၊ တစ်မိုင်ကုန်းစခန်း၊ ကံ့ကော်တစ်ထောင်ဘုရားစခန်း၊ သင်တန်းကျောင်းနှင့် စရဖတပ်တို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

ထို့အပြင် တောဟိန်းတောင်ဗျူဟာ၊ စွေ့ချောင်းဗျူဟာနှင့် မဲတောင်ဗျူဟာတို့ကို သိမ်းယူခဲ့သည်အပြင် အမ်းလေယာဉ်ကွင်းကိုပါ စစ်ကောင်စီအသုံးပြု၍ မရအောင် စောင့်ကြည့်ထိန်းချုပ်ထားနိုင်ခဲ့သည်။

အမ်းသို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းကို ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်နေ့က အမ်း- ပဒါန်းလမ်း စပ်စီကျေးရွာအနီးတွင် ACDFနှင့် မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းတို့က စောင့်ကြိုတိုက်ခိုက်သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီက အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ရပခမှ တပ်မ(၅၅) ၊ မကွေးခြေမြန် တပ်မဌာနချုပ် တပ်မ (၈၈) ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လပခ တပ်မ (၉၉)မှ စစ်ကူများဖြင့် အင်အားဖြည့်ထားကြောင်း သိရသည်။

ပုံစာ- အာရက္ခတပ်တော် (ပုံဟောင်း)
#အမ်း #စစ်ကောင်စီ #အဓိကစခန်းများ #ကျရှုံး #AA #ထိုးစစ်ဆင်တိုက်ခိုက် #Ayeyarwaddy_Times