ဧရာဝတီတိုင်းမ်
(မြောင်းမြ)၊ နိုဝင်ဘာ ၃ ရက်

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ မြောင်းမြအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက အိမ်မဲမြို့နယ် ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ် နှင့် အခြားနိုင်ငံ ရေးအကျဉ်းသားတစ်ဦးတို့ကို အသက်သေစေရန် ကြံစည်မှုများပြုလုပ်ခဲ့ ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ယနေ့နိုဝင်ဘာ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။

မြောင်းမြထောင် ဒုတာဝန်ခံတင့်ဆွေက လက်ကိုင်တုတ်အဖြစ်အသုံးပြုနေသော ရာဇဝတ်အကျဉ်းသားကိုလင်းလင်းသည် ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်နေ့တွင် ရန်ငြိုးမရှိ ခိုက်ရန်ဖြစ်ပွားဖူးခြင်းမရှိဘဲ နိုင်ငံရေးအကျဉ်းသားကိုရဲရင့်အောင်ကို ပြင်ဆင်ထားသည့် သံချွန်ဖြင့် အလစ်ငိုက် ဝင်ရောက်ထိုးသွင်း ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မတိုင်မီ အောက်တိုဘာ ၁၅ ရက်နေ့က နိုင်ငံရေးအကျဉ်းသား ကိုရဲရင့်အောင်နှင့် ‌‌‌‌‌‌‌‌‌‌လွှတ်‌တော်ကိုယ်စားလှယ် ဒေါက်တာပြည့်ဖြိုးတို့သည် ၎င်းတို့ကို တီဘီရောဂါသည်များထားရာ နေရာတွက် ထားရှိသည့်အတွက် ကူးစက်နိုင်ကြောင်းကို ထောင်အာဏာပိုင်များထံ သွားရောက် ပြောဆို မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“တီဘီရောဂါက ကူးစက်မှုတွေဖြစ်စေတယ်။ ကိုယ်ကိုယ်တိုင်ရောဂါမရှိပေမယ့် အများနဲ့နေရတဲ့အခါမှာ ကိုယ်ပါတီဘီရောဂါဖြစ်မှာစိုးတဲ့အတွက် သွားတင်ပြတဲ့အခါမှာ ဒီလိုတင်ပြတာ သူတို့ရဲ့အုပ်ချုပ်မှုကို နှောင့်ယှက်တယ်ဆိုတဲ့ပုံစံမျိုး တစ်ဖက်လှည့်နဲ့ ကိုလင်းလင်းကို သတ်ဖြတ်ဖို့ ဒါမှမဟုတ် ကြောက်လန့် သွားအောင်အထိ လုပ်ခိုင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်ကိုလင်းလင်းက အသက်အန္တရာယ်ထိကို စိုးရိမ် ရတဲ့အထိ သံချွန်နဲ့ထိုးတာမျိုး လုပ်ခဲ့တဲ့ကိစ္စကို အခုချိန်ထိအရေးယူဆောင်ရွက်တဲ့ကိစ္စ မလုပ်တဲ့ အတွက် ထုတ်ပြန်ရခြင်းဖြစ်ပါတယ်” ဟု PPNM မှ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဒဏ်ကျ ရာဇဝတ်အကျဉ်းသားကိုလင်းလင်းမှ နိုင်ကျဉ်း ကိုရဲရင့်အောင်ကို သံချွန်ဖြင့် ဝင်ရောက်ထိုးစဉ် အချိန်မီရှောင်တိမ်းနိုင်သည့်အတွက် လွတ်မြောက်သွားပြီးနောက် နှစ်ဦးခိုက်ရန်ဖြစ်ပွားခဲ့ပြီး ထပ်မံ၍ ကိုရဲရင့်အောင်ကို သစ်သားချောင်းဖြင့် ဦးခေါင်းကို ရိုက်နှက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ် မဖြစ်ပွားခင်ကလည်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဒုတာဝန်ခံတင့်ဆွေမှ ကိုရဲရင့်အောင်နှင့် ဒေါက်တာပြည့်ဖြိုးအား ရိုက်နှက်ရန်နှင့် နောက်ဆက်တွဲ ပြဿနာများကို ၎င်းမှ ရှင်းလင်း ပေးမည်ဖြစ်ကြောင်း ပြောဆိုမှုများ ရှိခဲ့ပြီး လုပ်ကြံမှုဖြစ်ပွားပြီး နောက် တွင်လည်း လုပ်ကြံသူကို ထိရောက်စွာ ရေးမယူဘဲ ဒေါက်တာပြည့်ဖြိုးကိုလည်း တီဘီဆောင်တွင်သာ ဆက်လက်ထားရှိ ထားကြောင်း သိရသည်။

ထိုသို့ နိုင်ငံရေးအကျဥ်းသားများကို ရည်ရွယ်ချက်ရှိရှိ သေဆုံးစေရန် လုပ်ဆောင်နေသူများမှာ ဒုတာဝန်ခံ တင့်ဆွေနှင့် ကျူးလွန်သူ ရာဇဝတ်အကျဉ်းသားကိုအရေးယူမှုမရှိသည့် ကြီးကြပ်ရေးမှူး ကျော်ဇေယျ တို့မှာ အဓိကတာဝန်ရှိသူများဖြစ် ကြောင်း PPNM ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ ဒေသအသီးသီးရှိ အကျဉ်းထောင်များတွင် ယခုနှစ် ၁၀ လတာအတွင်း စစ်ကောင်စီ၏ ကျန်းမာ ရေး စောင့်ရှောက်မှု မလုံလောက်မှု ကြောင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ပေါင်း ၁၈ ဦးအထိရှိပြီဖြစ်ကြောင်း PPNM က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#မြောင်းမြထောင် #နိုင်ငံရေးအကျဉ်းသား #လုပ်ကြံခံရ #ထောင်အာဏာပိုင် #PPNM #Ayeyarwaddy_Times