ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂ ရက်
ရေကြီးရေလျှံမှုကြောင့်ပျက်စီးပွားသော ရှမ်းပြည်နယ်တောင်ပိုင်း ရွှေညောင်မြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင်ရွှေအင်းတိန်ဘုရားပြန်လည်ပြင်ဆင်ပြီး ရေနစ်မြုပ်နေအိမ်များပြန်လည်ထူထောင်ရေးအတွက် အင်းလေးဒေသခံများက ခရီးသွားဧည့်သည်မျှော်လင့်နေကြောင်း သတင်းရရှိသည်။
လက်ရှိအင်းလေးကန်အတွင်း ရေပြန်လည်ကျဆင်းနေပြီး ခရီးသွားများစိတ်ဝင်စားလည်ပတ်ရာ ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတိန်ဘုရားပြန်လည်ပြင်ဆင်ကာ ဆေးသုတ်ပြီးသွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောကြားသည်။
ထို့ပြင်ကျေးရွာနှစ်ရာကျော်ရေနစ်မြုပ်ခံရပြီး နေအိမ်အပါအဝင်ပြန်လည်ထူထောင်ရေးအတွက် ငွေကြေးအခက်အခဲရှိသဖြင့် ခရီးသွားအများအပြား လာရောက်လည်ပတ်ရန်မျှော်လင့်နေကြောင်း ဒေသခံများထံမှ သိရသည်။
“အင်းလေးဒေသခံတွေက ပွဲရာသီမှာ ဝင်ငွေကဈေးရောင်းတာ စက်လှေကနေ အဓိကရတယ်။ အဲဒီလိုခရီးသွားများများလာရင် လယ်လုပ်တာတို့ ရေမြုပ်သွားတဲ့စိုက်ခင်းတွေကဝင်ငွေလျော့သွားတော့ အခြားတစ်ဖက်လမ်းကနေဝင်နိုင်ခြေရှိတယ် ” ဟု အင်းလေးဒေသခံအမျိုးသမီးတစ်ဦးက ပြောကြားသည်။
လက်ရှိကာလ သာမန်အခြေအနေကိုပြန်ရောက်စေရန် အင်းလေးဒေသခံများရုန်းကန်နေရသည့် အခြေအနေတွင် ခရီးသွားလုပ်ငန်းက ဝင်ငွေရနိုင်သော်လည်း ရေနစ်မြုပ်မှုများပြားသဖြင့် အခက်အခဲများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
” ခရီးသွားတွေလာရင်ဝင်ငွေရနိုင်မယ်ဆိုတော့ ဖြေရှင်းနည်းဖြစ်နေပါတယ်။ အားလုံးဖြေရှင်းနိုင်လားဆိုတော့ ခရီးသွားတွေက ဖြေရှင်းပြီးသားမဖြစ်နိုင်ဘူး။ ရေမြုပ်သွားတာအများကြီးပဲ။ သေချာကတော့ စက်လှေရှိတဲ့အိမ်က စက်လှေငှားလို့ရတယ်ဆိုတော့ အရင်ကတည်းက ခရီးသွားလုပ်ငန်းနဲ့ ရပ်တည်တဲ့ နေရာဖြစ်လို့ ခရီးသွားမျှော်ပါတယ် ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
အင်းလေးဒေသ ပြန်လည်ထူထောင်ရေးများလုပ်ရာတွင် ခရီးသွားလာမှဝင်ငွေရကာ စီးပွားရေးပြေလည်မည်ဖြစ်ပြီး အခြားနည်းလမ်းများက ပြည့်စုံနိုင်မည်မဟုတ်ကြောင်း ဒေသခံများကဆိုသည်။
လာမည့် နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက်နေ့ထိ တောင်ကြီးမြို့၊ အဝေရာကွင်းတွင် ရိုးရာမီးပုံးပျံပွဲတော်ကျင်းပမည်ဖြစ်ဟု စစ်ကောင်စီ မီဒီများကတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလက ကလောမြို့၊ ညောင်ရွှေ၊ ရွှေညောင် ( အင်းလေးဒေသ) တို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ လူသေဆုံးမှုများနှင့် နေအိမ်များပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ရှမ်းပြည်တောင်ပိုင်း #အင်းလေး #ရေကြီးနစ်မြုပ် #ပြန်လည်ထူထောင်ရေး #ဝင်ငွေရရန် #ခရီးသွားဧည့်သည်မျှော် #Ayeyarwaddy_Times