ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂ ရက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ စစ်ကောင်စီ၏ အမြောက်တပ်ကို အာရက္ခတပ်တော် AAက စတင်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

အောက်တိုဘာ ၃၁ရက်နေ့ ညပိုင်းမှစ၍ တောင်ကုတ်မြို့နယ်၊ ပန်းမြောက်တောင်တွင် အထိုင်ချထားသည့် စစ်ကောင်စီ၏ အမြောက်တပ်ကို AAက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တဲ့ တောင်ခြေနားကရွာတွေကိုပါ ဂျက်ဖိုက်တာနဲ့လာကြဲတယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်ပါတယ်” ဟု တောင်ကုတ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အနီးတဝိုက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စီးဖြင့် လာရောက်ဗုံးကြဲချခဲ့ပြီး တောင်ကုတ်အခြေစိုက် စကခ ၅ မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ အမြောက်တပ်ရှိရာ ပန်းမြောက်တောင်သည် တောင်ကုတ်မြို့နှင့် ခုနှစ်မိုင်ခန့်အကွာတွင်တည်ရှိပြီး စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေစဉ် ပန်းမြောက်တောင်ခြေအနီးရှိ မှန်နီနှင့် ကြိုးကြာကွင်းရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သံတွဲတိုက်ပွဲများစတင်ဖြစ်ပွားချိန်ကတည်းက တောင်ကုတ်မြို့ထဲရှိ အထပ်မြင့်တိုက်များနှင့် ဘဏ်တို့တွင်စစ်ကောင်စီတပ်သားများက စနိုက်ပါများချ၍ လုံခြုံရေးတိုးမြှင့်ထားပြီး တောင်ကုတ်တက္ကသိုလ်အနီး၌လည်း တပ်စွဲနေရာယူထားသည်။

တောင်ကုတ်မြို့၌ စစ်ကောင်စီ၏ အမှတ် ၅ စစ်‌ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ၅၊ ခြေမြန်တပ်ရင်း ခမရ ၃၄၆နှင့် ခမရ ၅၄၄တို့ရှိကြောင်း သိရသည်။

လတ်တလောတွင် တောင်ကုတ်မြို့ကို စစ်ကောင်စီက မကြာခဏဗုံးကြဲတိုက်ခိုက်နေသည့်အတွက် မြို့နယ်အတွင်းရှိ ဒေသခံအများစုမှာ ပြောင်းရွှေ့နေကြကြောင်း သိရသည်။

ပုံစာ- ပုံ​ဟောင်း

#တောင်ကုတ် #စစ်ကောင်စီ #အမြောက်တပ် #AA #ထိုးစစ်ဆင် #တိုက်ခိုက် #Ayeyarwaddy_Times