
ဧရာဝတီတိုင်းမ်
(ဖာပွန်)၊ နိုဝင်ဘာ ၂ ရက်
ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ-၅ ဖာပွန်ခရိုင် အတွင်းရှိ စစ်ကောင်စီတပ်၏ နောက်ဆုံးလက်ကျန်စခန်းများထဲမှ တစ်ခုဖြစ်သည့် ခေါပုတ်စခန်းကို KNLA-တပ်မဟာ(၅) နှင့်ပူးပေါင်းတပ်ဖွဲ့များမှ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
စခန်း သိမ်းပိုက်နိုင်ပြီးနောက် စစ်ကောင်စီထံမှ ၆၀ မမ ၁၁ လက်၊ RPG-7 သုံးလက်၊ ၈၁မမ တစ်လက်၊ K-3 ကိုးလက်၊ မြေမြှုပ်ဗုံးတစ်လုံး၊ တိုပီတို ၁၉ ထုပ်၊ ၁၆-နင်းမိုင်း ၁၆ လုံး၊ ၁၄-နင်းမိုင်း ၁၀ လုံး၊ တိုက်ဗုံး ကိုးလုံး၊ ဆက်သွယ်ရေးစကားပြောစက်ကြီး နှစ်လုံး၊ ၆၀ မမကျည်တောင့် နှင့် RPG-7ကျည်ဖူးတောင့် များ အသီးသီးသိမ်းဆည်းရမိခဲ့ကြောင်း KNU တပ်မဟာ-၅ ထုတ်ပြန်ချက်အရ သိရသည်။
“တိုက်ပွဲမှာသေဆုံးတဲ့စကစတပ်သားတွေရှိတယ်လို့တော့ကြားရတယ်။ အတိအကျဘယ်နှစ်ယောက် သေလဲတော့ မသိရသေးဘူး။ ဖမ်းမိတာတော့မကြားရဘူး။ စခန်းကနေ စွန့်ခွါထွက်ပြေးသွားတဲ့ စကစတပ်ဖွဲ့တွေဖာပွန်ဗျူဟာနဲ့ ပြန်ပေါင်းဖို့ ကြိုးစားနေတယ်။ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေကလည်းလိုက်လံတိုက်ခိုက် ရှင်းလင်းနေဆဲပဲ။ အခုထိတောထဲမှာပဲ ရှင်းလင်းလို့မပြီးသေးဘူး” ဟု KNLA တပ်မဟာ-၅ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ အင်အား ၁၀၀ ကျော်ရှိသည့် အဆိုပါခေါပုတ်စခန်းတွင် ခလရ-၁၉၊ ခမရ-၄၃၄၊ ခမရ-၃၄၀ နှင့် ခမရ-၃၄၁ တပ်ရင်းများမှ စုပေါင်းတပ်စွဲထားခြင်းဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ နှင့် ထွက်ပြေးသည့် တပ်သားများ ပြန်လည်ဖမ်းဆီးရရှိနိုင်မှုကို အတည်မပြုနိုင်သေး ကြောင်း သိရသည်။
အဆိုပါ ခေါပုတ်တပ်စခန်းမှာ ၁၉၉၂ ခုနှစ်မှ စတင်ကာ လာရောက်တပ်စွဲထားခြင်းဖြစ်ပြီး စစ်တပ်အတွက် မဟာဗျူဟာအရအရေးပါသည့် စခန်းကြီး တစ်ခုဖြစ်ကာ တပ်စွဲချိန်မှ စတင်ကာ ဒေသတွင်းရှိအရပ်သားများအပေါ် ညှင်းပန်းနှိပ်စက်ခြင်း၊ အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေသည့် တပ်စခန်းတစ်ခုဖြစ်ကြောင်းလည်း တပ်မဟာ-၅ က ထုတ်ပြန်ပြောဆိုထားသည်။
ဓာတ်ပုံ – KNU-Mutraw News
#ဖာပွန် #စစ်ကောင်စီစခန်း #ခေါပုတ်စခန်း #စခန်စသိမ်းပိုက် #တပ်မဟာ၅ #Ayeyarwaddy_Times