ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁ရက်

ရှမ်းပြည်နယ်၊ မူဆယ် ၁၀၅မိုင်အနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သိရသည်။

တရုတ်- မြန်မာ နယ်စပ် မူဆယ်မြို့၏ တောင်ဘက် ၁မိုင်ခန့်သာကွာဝေးသည့် မန့်မိုင်ကျေးရွာတွင် ယနေ့ နိုဝင်ဘာ ၁ရက် နံနက် ၇နာရီခန့်က စစ်ကောင်စီနှင့် AAတို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မူဆယ်နဲ့ ၁မိုင်လောက်ပဲကွာတယ်။ သင်္ချိုင်းနားမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ AAတို့ အပြန်အလှန်ပစ်ခတ်တယ်။ တိုက်ပွဲဖြစ်ပါတယ်” ဟု မူဆယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မန့်မိုင်ရွာ သင်္ချိုင်းအနီး စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို AA က တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြီး လက်နက်ခဲယမ်းအများအပြားကို AA က သိမ်းယူရရှိခဲ့ကြောင်း သိရသည်။

မူဆယ်မြို့တွင် ညီနောင်မဟာမိတ်အဖွဲ့များဖြစ်သည့် ကို့ကန့်တပ် (MNDAA) ၊ တအာင်းတပ် (TNLA) နှင့် အာရက္ခတပ်တော် (AA) တပ်ဖွဲ့များရှိပြီး စစ်ကောင်စီတပ်က AA တပ်စွဲထားသည့်နေရာသို့ ဝင်ရောက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

မူဆယ်မြို့ကို ပြီးခဲ့သည့်နှစ် ၂၀၂၃ နိုဝင်ဘာကတည်းက မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့များက ပိတ်ဆို့ထားနိုင်ခြင်းဖြစ်ပြီး မူဆယ်သည် တရုတ်- မြန်မာနယ်စပ်တွင် သိမ်းယူရန်ကျန်ရှိနေသော ကုန်သွယ်ရေးဇုန်ရှိနေသည့် မြို့ဖြစ်သည်။

မူဆယ်မြို့ကို သိမ်းယူနိုင်ရန် MNDAAနှင့် TNLAတပ်များက ယမန်နှစ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မူဆယ် ၁၀၅မိုင်အနီး ဗျူဟာကုန်းအထိသိမ်းပိုက်ထားနိုင်ခဲ့ပြီး တရုတ်အစိုးရ၏ ကြားဝင်ညှိနှိုင်းမှု ကြောင့် တိုက်ပွဲများရပ်တန့်ခဲ့ခြင်း ဖြစ်သည်။

#မူဆယ် #စစ်ကောင်စီ #AA #တိုက်ပွဲဖြစ် #Ayeyarwaddy_Times