
ဧရာဝတီတိုင်းမ်
(ပင်လောင်း)၊ နိုဝင်ဘာ ၁ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ ဗန်းမောက် ကျေးရွာတွင် ယမန်နေ့ အောက်တိုဘာ ၃၁ ရက်နေ့၊ နံနက် ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီက စစ်ဘေးရှောင်ရန်ထွက်လာသည့် ထော်လာဂျီ တစ်စီးကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Karenni Hope အဖွဲ့အစည်း ထံကသိရသည်။
တိုက်ပွဲများဖြစ်ပွားနေသည့် ဗန်းမောက်ကျေးရွာရှိ ဒေသခံအများစုမှာ ပိတ်မိနေသည့်အတွက် အဖွဲ့အစည်းများမှ ကယ်ထုတ်ပေးနေစဉ် စစ်ဘေးရှောင်များ လိုက်ပါလာသည့် ထော်လာဂျီပေါ်သို့ ၁၂၀-မမ လက်နက်ကြီး နှစ်လုံးဖြင့်ကြဲချ တိုက်ခိုက်ခဲ့ရာ ကလေးငယ် တစ်ဦး နှင့် အမျိုးသားတစ်ဦး သေဆုံးပြီး အခြား ဒေသခံ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မနေ့က ကိုးနာရီလောက်က ဗန်းမောက်ကနေစစ်ရှောင်လာတဲ့ ထော်လာဂျီတစ်စီးကို သူတို့ဒရုန်းနဲ့ ကြဲချတာ ကိုးယောက် ဒဏ်ရာရတယ်။ တယောက်က ပွဲချင်းပြီးသေတယ်။ တစ်ယောက်က ကလေးပေါ့နော်။ ကလေးလည်း ဆုံးသွားပြီ” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် Karenni Hope အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် သေဆုံးခဲ့ရသည့် ကလေးငယ်မှာ အသက် လေးနှစ်အရွယ်ဝန်းကျင်သာ ရှိသေးကြောင်း သိရသည်။
လက်ရှိတွင် ဗန်းမောက် ကျေးရွာအနီးတွင် စစ်ကောင်စီလက်အောက်ခံ ပအို့ဝ်ပြည်သူ့စစ်(PNO)၊ စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်နီတော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲများဖြစ်ပွား နေသည့်အတွက် ဒေသခံ ရာ နှင့်ချီ ပိတ်မိနေခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်ဝန်းကျင်မှ စတင်ကာ ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်း နှင့် ဖယ်ခုံ ဒေသများကို စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။
ဓာတ်ပုံ – Karenni Hope
#ရှမ်းတောင် #ကရင်နီ #ပင်လောင်း #စစ်ဘေးရှောင် #ဒရုန်း #ဗုံးကြဲတိုက်ခိုက် #ကလေးငယ်သေဆုံး #Ayeyarwaddy_Times