ဧရာဝတီတိုင်းမ်
(မတူပီ)၊ နိုဝင်ဘာ ၁ ရက်
ချင်းပြည်နယ်၊ မတူပီမြို့တွင် ပြီးခဲ့သည့် စစ်ကောင်စီက အောက်တိုဘာလ ၂၉ ရက်နေ့၊ ည ၉ နာရီကျော်တွင် ပေါင် ၅၀၀ ဗုံးအပါအဝင် လေကြောင်းဖြင့် ၁၀ ကြိမ်ခန့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်းသိရသည်။
မတူပီမြို့တွင် အာရက္ခတပ်တော်(AA)၊ ချင်းညီနောင်တပ်ဖွဲ့ဝင်များနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ)တို့က သိမ်းပိုက်ထိန်းချုပ်ထားပြီး ဗျူဟာကုန်းနှင့် ခလရ ၁၄၀ တပ်ရင်းအနီးတဝိုက်တို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။
“ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးမှုတွေတော့ အတိအကျမသိရဘူး။ ဂျက်ဖိုက်တာ နှစ်စင်းနဲ့ အဆက် မပြတ်လာကြဲတာ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့မှာလည်း AAရဲ့ သင်တန်းကွင်းနားကို ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ကြားတယ်” ဟု မတူပီမြို့၊ ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မတူပီမြို့တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ချင်းညီနောင်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ (၁) တို့က ထုတ်ပြန်ခြင်းမရှိသလို CDF-မတူပီ၊ တပ်မဟာ (၁) တာဝန်ခံကို ဧရာဝတီတိုင်းမ်က ဆက်သွယ်ခဲ့သော်လည်း ဖုန်းခေါ်ဆို၍ မရပေ။
မတူပီမြို့ကို အာရက္ခတပ်တော်(AA)၊ ချင်းညီနောင်၊ CDF-မတူပီ၊ တပ်မဟာ (၁) နှင့် မဟာမိတ်ပူးပေါင်းတပ်တို့က ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့တွင်အပြီးသတ် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ပုံစာ-မတူပီမြို့
#မတူပီမြို့ #စစ်ကောင်စီ #ပေါင်၅၀၀ဗုံး #ဒုတိယအကြိမ်ဗုံးကြဲတိုက်ခိုက် #Ayeyarwaddy_Times