နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁ ရက်

ရှမ်းမြောက်စစ်ဆင်ရေးတွင် ညီနောင်သုံးဖွဲ့နှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့သည့် ဗမာပြည်သူ့လွတ်မြောက် ရေးတပ်တော်(BPLA) က အညာဒေသတွင် အခြေချ၍ စစ်ဆင်ရေးများ ဖော်ဆောင်လာလျှင် စစ်ကောင်စီအတွက် ရိုက်ခတ်လာနိုင်ကြောင်း လေ့လာသူတို့က ထောက်ပြသုံးသပ်သည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) သည် မကြာမီကာလအတွင်း အညာဒေသတွင် အခြေချ၍ စစ်ဆင်ရေးများ ဖော်ဆောင်တော့မည်ဟု ကွပ်ကဲရေးမှူးဖြစ်သူ မောင်ဆောင်းခက ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုခဲ့သည်။

အညာတစ်ခွင်တွင် ပြောက်ကျားစစ်မှ ချေမှုန်းရေးစစ်ပွဲများ ဆင်နွှဲနိုင်သည်အထိ တိုးတက်လာပြီး ထိုအရှိန်အဟုန်ကို ဆက်လက်မြှင့်တင်သွားနိုင်မည့် အနေအထားဟု ယူဆရသဖြင့် စစ်ကောင်စီ စစ်ကြောင်းများ အပြင်ထွက်၍ လှုပ်ရှားမွှေနှောက်မှုအားလုံး တပ်စခန်းထဲ ပြန်ဝင်သွားလိမ့်မည် ဖြစ်ကြောင်း လေ့လာသူတို့က ဆိုသည်။

“နောက် BPLA နဲ့ PDF တွေ ဒေသတွင်းမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး လုပ်ငန်းတွေ လုပ်နိုင်ပြီဆိုရင် အဲဒီဒေသဟာ အရေးကြီးတဲ့ စစ်ကောင်စီ ဆန့်ကျင်ရေး ပြည်နယ်တစ်ရပ်အဖြစ် ဖြစ်ပေါ်တိုးပွား လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီ တိုင်းမ်ကို ပြောသည်။

BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခ က ၎င်းတို့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ PDF တပ်ရင်းများအပြင် အခြားတော်လှန်ရေး အင်အားစု များနှင့်ပါ ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်၍ တော်လှန်ရေးအမြန်ဆုံး အောင်မြင်ရန် ကြိုးစားသွားမည်ဟု ဆိုထားသည်။

“သူတို့က စစ်ရေးအတွေ့အကြုံ အတော်များများ ရရှိထားပြီးပါပြီ။ အဲဒီတော့ သူတို့ အခြေစိုက်မယ့် ဒေသ၊ နောက်ခံပံ့ပိုးမှု လက်နက်ကျည် လမ်းကြောင်းအပေါ် မူတည်ပြီး တစ်စုံတစ်ရာ ဆောင်ရွက် နိုင်ပါလိမ့်မယ်” ဟု မြန်မာ့အရေး လေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းကဲ့သို့ BPLA တပ်များ အညာဒေသကို အခြေချ၍ စစ်ဆင်ရေးများ ဖော်ဆောင်တော့မည့်အပေါ် NUG ၊ EROs ၊ ဒေသတွင်း တော်လှန်ရေး အင်အားစုနှင့် ပြည်သူလူထုတို့က ကြိုဆိုကြသလို BPLA အနေဖြင့်လည်း ၎င်းတို့တပ်အင်အား ပိုမိုကြီးထွားရန် တပ်သားသစ်များ ခေါ်ယူနေကြောင်း သိရသည်။

“အခုကတော့ ပြည်နယ်အလိုက် နိုင်ငံရေး၊ စစ်ရေး စုဖွဲ့တည်ဆောက်မှုတွေ လုပ်နေကြတာပေါ့။ BPLA အနေနဲ့က တတ်နိုင်သမျှ ပွတ်တိုက်မှုမရှိစေတဲ့ နည်းလမ်းတွေနဲ့ သွားမယ်ဆိုတာမျိုးတော့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု စစ်ကိုင်းဒေသခံ နိုင်ငံရေးစောင့်ကြည့်လေ့လာသူ ကိုစိုးဝင်းဆွေက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အညာဒေသသည် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ အရေးကြီးသော ဒေသဖြစ်ပြီး စစ်ကိုင်း၊ မကွေး၊ မန္တလေးတို့ ပါဝင်ကာ BPLA တပ်များ အခြေချလာပါက စစ်ရေး၊ နိုင်ငံရေးအပါအဝင် စီးပွားရေး၊ လူမှုရေးတို့တွင် အကျိုးသက်ရောက်မှု များစွာရှိနိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက သုံးသပ်သည်။

“ခွင်တစ်ခွင်လုံးထိ ချေမှုန်းရေး စစ်ပွဲတွေ ဆင်နွှဲနိုင်ပြီဆိုရင် မြို့သိမ်းတိုက်ပွဲတွေ ဖြစ်မှာပေါ့။ အဲဒါဆိုရင် ဗမာပြည်အလယ်ပိုင်းရဲ့ လွတ်မြောက်မှုက နွေဦးတော်လှန်ရေးရဲ့‌ ဇာတ်သိမ်းခန်း ရောက်ရှိပါလိမ့်မယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်” ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။

ဓာတ်ပုံ-BPLA

#BPLA #အညာဒေသ #အခြေချ #စစ်‌ဆင်ရေး #စစ်ကောင်စီ #ရိုက်ခတ်လာနိုင် #Ayeyarwaddy_Times